September 21, 2024


၁၅ .၃ .၂၀၂၃

Written by Hey Mar

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၀ ရက်နံနက် ၁၁ နာရီခွဲအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မလွှတောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မြို့မှ မြိတ်မြို့သို့ ဖိုးသဲ မောင်းနှင်ပြီး သန်းထွန်းအောင်(ခ)မဲကြီး၊ ဇာနည်ဦး(ခ)စိန်သူနှင့် မြတ်သူ(ခ)ဘုကြီးတို့လိုက်ပါလာသော MITSUBISHI FUSO ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါ ပလတ်စတစ်ခြင်း ၆ ခြင်းအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းမိမူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီးမှ တနင်္သာရီတိုင်းဒေသကြီးသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *