September 21, 2024

၁၅. ၃. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ယခု ၂၀၂၃ ခုနှစ်အတွင်း ပြီးခဲ့သောနှစ်ထက် မြင့်တက်လာဖွယ်ရှိနေကြောင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများအတွက် လိုအပ်သော အချက်အလက်များ မျှဝေကူညီပေးနေသောအဖွဲ့အစည်းဖြစ်သော Trading Economics ၏ သုံးသပ်ဖော်ပြချက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၂၂ ခုနှစ်က ၁ ဒသမ ၈၀ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းက ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေကြောင်း ယင်းအဖွဲ့က သုံးသပ်ထားသည်။ အလုပ်လက်မဲ့နှုန်းကို တွက်ချက်ရာတွင် ကလေးသူငယ်များ၊ အငြိမ်းစားများကို ထည့်တွင်းတွက်ချက်ထားခြင်းမရှိဘဲ အလုပ်လုပ်နိုင်သောအရွယ်များကိုအခြေခံပြီး အလုပ်ရှာဖွေနေသော အရေအတွက်ကို တွက်ချက်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tradingeconomics သည် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းကို ၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် စာရင်းတွက်ချက်ဖော်ပြရာတွင် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့သည် မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အနည်းဆုံးနှစ်များဖြစ်ခဲ့ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၀ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့သလို ၂၀၁၉ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း ၀ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ နောက်ဆုံး ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းဖော်ပြချက်များတွင် ၂၀၁၃ ခုနှစ်က အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးတွင်ရှိနေခဲ့ကြောင်းTrading Economics မှ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် အာဏာအငြင်းပွားမှုကြောင့်ဖြစ်လာခဲ့သော သက်ရောက်မှုများက မြန်မာ့စီးပွားရေးတွင်လည်း ရိုက်ခတ်မှုများရှိလာခဲ့ပြီး အလုပ်လက်မဲ့နှုန်းလည်း ၂၀၂၂ ခုနှစ်ထက် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အလုပ်လက်မဲ့နှုန်းမြင့်တက်ခြင်းသည် အလုပ်သမားကို ဆွဲဆောင်နိုင်ရန် မြင့်မားသောလစာနှုန်းမျိုးပေးနိုင်ခြင်းမရှိသည့်အတွက် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ref —- Tradingeconomics

Leave a Reply

Your email address will not be published. Required fields are marked *