September 21, 2024

၁၅.၃. ၂၀၂၃

Written By Thandar

အသံစူးရှရှလေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်ခဲ့ဖူးတဲ့ တေးသံရှင် ဆူဇီက သူ့ရဲ့ ​စိတ်ကူးမယဥ်နဲ့သီချင်း ဒီရက်ပိုင်းအတွင်း ပြန်ထွက်လာရင် ပရိသတ်တွေ ဘယ်လိုအားပေးမလဲဆိုတာကို ရင်ခုန်နေရပါတယ်လို့ MT News ကို ပြောပါတယ်။

“ခံစားချက်ကတော့ ဒီသီချင်းလေးက ဆူဇီဆိုပြီး ပရိသတ်က ပထမဦးဆုံးအသိအမှတ်ပြုစေတဲ့ သီချင်းလေးဆိုရင်လည်း မမှားပါဘူး။၂၀၀၅ ခုနှစ် မာစတာသင်္ကြန်မှာ ပထမဦးဆုံးစုံတွဲလေး သီဆိုခဲ့ကြတယ်။ သီချင်းခေါင်းစဥ်က “စိတ်ကူးမယဥ်နဲ့” ဆိုပေမယ့် ပရိသတ်သိတာက Ok All Right ဆိုပြီးသိကြတယ်။ ဒီသီချင်းအကြောင်း ပရိသတ်ပိုသိတယ်။ နောက်အသံလေးယားအောင် လုပ်နေလား သိတယ်။ ပထမဆုံး ပရိသတ်အားပေးခြင်းခံရတဲ့ သင်္ကြန်သီချင်းလေးပေါ့။ အခုဆိုရင် ၁၇ နှစ်ကျော်ပြီဆိုတော့ ပျော်တာပေါ့နော်။ အခုချိန်မှာ နောက်ပိုင်း မောင်လေးတွေ ညီမလေးတွေက သိချင်မှ သိကြမှာပေါ့နော်။ အဲဒီခေတ်က မြူးဇစ်ကို ဒီဘက်ခေတ် မြူးဇစ်နဲ့ Remix ပြန်လုပ်လိုက်တာပါ။ ဒီသီချင်းပြန်ထွက်လာရင် ပရိသတ်တွေ ဘယ်လိုအားပေးမယ်ဆိုတာ ရင်ခုန်ရပါတယ် ”လို့ တေးသံရှင်ဆူဇီက ပြောပါတယ်။

၂၀၀၅ ခုနှစ်က “မာစတာသင်္ကြန်” နှစ်ယောက်စုံတွဲသီချင်းခွေမှာ တေးရေး၊ တေးဆို ဝေလျှံနဲ့ ဆူဇီတို့ အတူသီဆိုထားတဲ့ “စိတ်ကူးမယဥ်နဲ့”သီချင်းလေးကို အခုပြန်လည်ဆန်းသစ်နေပြီး ဒီသီချင်းကို ဝေလျှံ၊ ဆူဇီ၊ Crown Breaker နဲ့ Po တို့က Mixing ပိုင်းတွေ ပြန်လည်ဆန်းသစ်အောင် Collaboration လုပ်နေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ခေတ်ရေစီးကြောင်းအရ သီချင်းတွေကို Version ပြောင်းပြီး လုပ်ဖြစ်တယ်။ သီချင်းတွေ ပြောင်းလဲတဲ့အပေါ်မှာ ပရိသတ်တွေရဲ့ ခံစားချက်ကလည်း တစ်မျိုးပေါ့။ အရင်နဲ့ မတူတဲ့ ခံစားချက်တွေရမယ်လို့လည်း ထင်ပါတယ်”လို့ တေးရေး တေးဆို ဝေလျှံက MT News ကိုပြောပါတယ်။

၂၀၀၆ ခုနှစ်မှာ ဆူဇီရဲ့ “ရတုအဆက်ဆက်” တစ်ကိုယ်တော် သီချင်းခွေက မြန်မာပြည်အနှံ့က ပရိသတ်တွေရင်ထဲ ထိုး ဖောက်ခဲ့ပါတယ်။ ဆူဇီဟာ တခြားစုံတွဲသီချင်းတွေနဲ့ သင်္ကြန်သီချင်းတွေ များစွာမှာ ပါဝင်သီဆိုခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *