September 21, 2024

ပြည်တွင်းသို့ တင်သွင်းလာသော လျှပ်စစ်ယာဥ်များကို တွေ့ရစဥ်

MT News

Written by Ye Kyaw

လျှပ်စစ်ကားများ ရန်ကုန်လိုင်စင် လျှောက်ထားပါက ယာဉ်အိုယာဉ်ဟောင်း အပ်နှံစလစ်ကပ်မှသာ ရန်ကုန်လိုင်စင်ထုတ်ပေးမည်ဆိုခြင်းက လျှပ်စစ်ကားများကို ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နံရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA)မှ သိရသည်။

“အမှန်က မူလကော်မတီရဲ့ ဆုံးဖြတ်ချက်မှာ မပါဘူး။ ဒါပေမဲ့ ဘေးနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ လျှပ်စစ်ကားတွေ ပြည်တွင်းမှာ ထုတ်လုပ်၊ တပ်ဆင်၊ တင်သွင်းရောင်းချနိုင်ဖို့။ နောက်တစ်ချက်က ပြည်တွင်းမှာ စက်ရုံတွေလာဆောက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နံမှုတွေ စက်ရုံတွေ တည်ဆောက်နိုင်ဖို့အတွက်ကို မျှော်ပြီးတော့ ရန်ကုန်လိုင်စင်ဝင်မယ်ဆိုရင် စလစ်ကပ်ရမယ်။ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်တဲ့ သဘောပါပဲ” ဟု MAMDA မှ တာဝန်ရှိသူတစ်ဦးက MT News သို့ သုံးသပ်‌ပြသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု့ဦးစီးဌာနအနေဖြင့် လျှပ်စစ်သုံးယာဉ် Battery Electric Vehicles (BEVs) များနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ရုံးအမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကနဦးမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

လျှပ်စစ်သုံးယာဉ် (BEVs) များ ကနဦးမှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ရန်ကုန်တိုင်းဒသကြီး အစိုးရအဖွဲ့၏ ညှိနှိုင်းချက်အရ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစ၍ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံသော မော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေးရန် ညွှန်ကြားချက်အတိုင်း ဆက်လက်ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ဖြစ်သည်။

သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် မှတ်ပုံတင်ဆောင်ရွက်လိုသော လျှပ်စစ်သုံးယာဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံစလစ် (ပုံစံ-ဃ) လိုအပ်ပါကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *