September 21, 2024

MT News

ရှမ်းပြည်နယ်၊ ညောင်ရွှေအကျဉ်းထောင်တွင် အကျဉ်း သား ၁၅ ဦးခန့် ထွက်ပြေးရန်ကြံစည်၍ ထိန်းသိမ်းရန်ပစ်ခတ်ရာမှ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ် မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေအကျဉ်းထောင်အတွင်းရှိ ၂ ထပ်အိပ်ဆောင်တစ်ခုမှ အကျဉ်းသား ၁၅ ဦးခန့်သည် အိပ်ဆောင်လှေကားရှိ သစ်သားလက်ရန်းတန်းများကို ချိုးဖျက်ပြီး အိပ်ဆောင်တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်း ၂ ဦးအား ရိုက်နှက်တိုက်ခိုက်၍ အုတ်ရိုးကျော်တက်ထွက်ပြေးရန် ကြံစည်ကြိုးစားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်တွင် အကျဉ်းသား ၁၅ ဦးခန့်သည် ၎င်းတို့၏ အိပ်ဆောင်များရှိ လှေကားသစ်သား လက်ရန်းတန်းများကိုချိုးဖျက်၍ လက်နက်အဖြစ်အသုံးပြုခြင်း၊ ဝန်ထမ်းများအား အကြမ်းဖက်တိုက်ခိုက်ရန်မူခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အိပ်ဆောင်ဝန်းအနောက်ဘက်မှတစ်ဆင့် အုတ်ရိုးကျော်တက် ထွက်ပြေးရန် ကြိုးစားခဲ့ကြရာ တာဝန်ကျဝန်ထမ်းများက အကြမ်းဖက်မှုများမပြုလုပ်ရန် ဖြောင်းဖျပြောဆိုခြင်း၊ မျှော်စင်တာဝန်ကျဝန်ထမ်းမှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အကျဉ်းသားများသည် နာခံမှုမရှိဘဲ အော်ဟစ်ပြီး CCTV ကြိုးများ ဖျက်ဆီးခြင်း၊ ဆိုလာဓာတ်မီးတိုင်အား ဖျက်ဆီးခြင်း၊ အနီးပတ်ဝန်းကျင်ရှိ ခဲများဖြင့် အစောင့်ဝန်ထမ်းများအား ပစ်ပေါက်တိုက်ခိုက်ခြင်းများ ထပ်မံပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ဆူပူမှုများကိုအကြောင်းပြု၍ အခြားအိပ်ဆောင်များရှိ အကျဉ်းသား/အချုပ်သားများမှလည်း ဆူပူမှုများ ထပ်မံမပြုလုပ်လာစေရေးနှင့် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးတို့အတွက် မျှော်စင်တာဝန်ကျဝန်ထမ်းမှ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ သေနတ် ၅ ချက်ခန့် ပစ်ခတ်၍ နံနက် ၉ နာရီအချိန်တွင် အခြေအနေအား တည်ငြိမ်အောင်ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသားတစ်ဦးမှာ သေဆုံးခဲ့ကာ အကျဉ်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပဏာမစိစစ်မှုအရ သိရှိရသည်မှာ အကြမ်းဖက်ပြစ်မှုများ ကျူးလွန်ခဲ့ကြပြီး ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအချို့မှဦးဆောင်၍ ထွက်ပြေးရန် ကြံစည်ကြိုးပမ်းခဲ့ခြင်းကြောင့် အခြားအကျဉ်းသားများမှလည်း ပါဝင်ခဲ့ကြခြင်းဖြစ်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ်ဖော်ထုတ်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *