September 21, 2024

အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်နေမှုများကို တွေ့ရစဥ် (Photo-MOEP)

MT News

Written by Nyein Kyaw

ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာ ပြုစုခြင်းအပါအဝင် စီမံကိန်းအကောက်အထည်ဖော် ဆောင်ရွက်ရန် ပြည်တွင်းကုမ္ပဏီများအား တင်ဒါ်ခေါ်ယူထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာမှ သိရသည်။

“ပြည်တွင်းကုမ္ပဏီတွေဗျ။ ဖြစ်နိုင်ခြေအရင်စမ်းမှာ။ ကျွန်တော်တို့ စမ်းထားတဲ့ဟာတွေက ရှိပြီးသားဗျ။ ဥပမာ အသေးစားဆို အသေးစား၊ အကြီးစားဆို အကြီးစားပေါ့ ကျွန်တော်တို့ ခန့်မှန်းထားတဲ့ဟာတွေက ရှိပြီးသားဗျ။ သတ်မှတ်ထားတဲ့ဟာကိုမှ ဖြစ်မြောက်နိုင်စွမ်းဘယ်လောက်ဖြစ်နိုင်မလဲဆိုတာ ကျွန်တော်တို့က စစ်တာဗျ။ မနက်ဖြန်မှ စပြီးလက်ခံမှာဆိုတော့ အခုထိတော့ လက်ခံထားတာမရှိသေးဘူး” ဟု ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမှ (ရုံးအမှတ်-၂၇)၊ သုံးထပ်ဆောင်၊ ရုံးသစ်၊ နေပြည်တော်တွင် ရုံးအချိန်အတွင်း လာရောက်စုံးစမ်း ဝယ်ယူနိုင်ပြီး တင်ဒါများကို မတ်လ ၁၅ ရက်မှ မတ်လ ၃၀ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကာ တင်ဒါအဆိုပြုလွှာများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄ ရက်တွင် တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ကိုင်ရန်တင်ဒါခေါ်ယူထားသည့် ရေအားလျှပ်စစ်စီမံကိန်းများမှာ ဖုန်အင်ခ ရေအားလျှပ်စစ်စီမံကိန်း (Tender No. 20/DHPI(P&W) 2022-2023) (Re-Tender)၊ ကဆန်ရေအားလျှပ်စစ်စီမံကိန်း (Tender No. 21/DHPI(P&W)2022-2023) (Re-Tender)၊ နမ့်မယ်ဆိုင်ရေအားလျှပ်စစ်စီမံကိန်း (Tender No. 22/DHPI(P&W)2022-2023) (Re-Tender)၊ အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်း (Tender No. 23/DHPI(P&W)2022-2023) (Re-Tender) တို့ဖြစ်သည်။

ယခုခေါ်ယူခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းများအနက် တချို့သော ရေအားလျှပ်စစ်စီမံကိန်းများမှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းက ယခုကဲ့သို့ တင်ဒါခေါ်ယူမှုတွင် ပါဝင်ခဲ့ပြီး လာ‌ရောက်လျှောက်ထားသူမရှိသဖြင့် ထပ်မံတင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၃၀ ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ‌ကျပ် ၁,၁၃၄ ဘီလျံကျော်သာရှိပြီး စုစုပေါင်း မြန်မာနိုင်ငံသားရင်းနှီးနှံမှုပမာဏ၏ လေးရာခိုင်နှုန်းကျော်သာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

ပုံစာ။ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်နေမှုများကို တွေ့ရစဥ် (Photo-MOEP)

Leave a Reply

Your email address will not be published. Required fields are marked *