September 22, 2024

KNDF ပူးပေါင်းအဖွဲ့များက အပြစ်မဲ့ပအိုဝ်းဒေသခံများကို လူသားဒိုင်းအသွင်ပြုလုပ်ကာ ဒေသခံတို့၏ ပစ္စည်းများကိုလည်း အဓမ္မယူဆောင်သွားဟု PNO ပြော

၁၅. ၃. ၂၀၂၃
Written by Nay Moe

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်နိမ့်ရွာတွင် သံဃာ ၃ ပါးနှင့် ပြည်သူ ၃၀ ကို သတ်ဖြတ်သူမှာ KNDF(Karen National Defence Force) လက်နက်ကိုင်အဖွဲ့သာဖြစ်သည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) က မတ်လ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ပြောကြားသည့်အပြင် KNDF ပူးပေါင်းအဖွဲ့များက အပြစ်မဲ့ပအိုဝ်းဒေသခံများကို လူသားဒိုင်းအသွင်ပြုလုပ်ကာ ဒေသခံတို့၏ ပစ္စည်းများကိုလည်း အဓမ္မယူဆောင်သွားသည်ဟုလည်း PNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် အထူးဒေသ(၆) နယ်မြေဖြစ်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လုံးပြင်ကျေးရွာအုပ်စုအတွင်း ပအိုဝ်းလူမျိုးများနေထိုင်သည့် တောင်မဲသင်းရွာ၊ လုံးပြင်ရွာ၊ ပင်ပံရွာနှင့် နမ့်နိမ့်ရွာအတွင်းသို့ “KNDF”နှင့် အပေါင်းပါအဖွဲ့အစည်းများက ကျူးကျော်ဝင်ရောက်လာပြီး စစ်တလင်းနယ်မြေအဖြစ် ဖန်တီးကာ အပြစ်မဲ့ဒေသခံပအိုဝ်းပြည်သူများကို လူသားဒိုင်းကာဓားစာခံအဖြစ်လည်းကောင်း၊ ဒေသခံများ၏နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများကို ကာဗာကျင်းအဖြစ်လည်းကောင်း အသုံးပြုပြီး ဒေသခံများ၏ ဥစ္စာပစ္စည်းများကိုလည်း အတင်း အဓမ္မ ယူဆောင်သွားခဲ့သည် PNO က ပြောသည်။

“KNDF”နှင့်အပေါင်းပါအဖွဲ့အစည်းများ ဝင်ရောက်ကျူးကျော်လာသည့်နေ့မှစ၍ တောင်မဲသင်းရွာနှင့် နမ့်နိမ့်ရွာရှိ အပြစ်မဲ့ဒေသခံပအိုဝ်းပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နမ့်နိမ့်ရွာရှိ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ နမ့်နိမ့်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော်(၃)ပါးတို့အား သတ်ဖြတ်ခြင်း စသည့်လူမျိုးရေးပြဿနာနှင့် ဘာသာရေးပြဿနာများဖြစ်ပွားအောင် လုပ်ကြံဖန်တီးကာ အကြမ်းဖက်သည့်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်ဟုလည်း PNO က ပြောသည်။

ဤကဲ့သို့သော အကြမ်းဖက်လုပ်ဆောင်ချက်များဖြစ်သည့် အပြစ်မဲ့ဒေသခံပအိုဝ်းပြည်သူများကို လူသားဒိုင်းကာဓားစာခံအဖြစ်နှင့် ဒေသခံများ၏နေအိမ်များ၊ ဘာသာရေး အဆောက်အဦးများကို ကာဗာကျင်းအဖြစ် အသုံးပြုခြင်း၊ ဒေသခံများ၏ ဥစ္စာပစ္စည်းများကို အတင်းအဓမ္မ ယူဆောင်သွားခြင်း၊ ဒေသခံများ၏နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ဒေသခံပအိုဝ်းပြည်သူများနှင့် သံဃာတော်များအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း စသည့် လူသားမဆန်သည့်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟုလည်း PNO က ကြေညာသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် အထူးဒေသ(၆) နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ဘဝ လုံခြုံရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို ဆက်လက်၍ အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာများ မဖြစ်ပွားစေရန်နှင့် စစ်တလင်းနယ်မြေအဖြစ် ထပ်မံမဖြစ်ပွားစေရန် ပအိုဝ်းနှင့် အတူနေညီနောင်တိုင်းရင်းသားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း၍ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းသည်ဟုလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ နမ့်နိမ့်ရွာလူသတ်မှုဖြစ်စဥ်သည် မူလက တပ်မတော်က လုပ်​ဆောင်သည်ဟု NUG၊ PDF များက စွပ်စွဲခဲ့ကြသော်လည်း အဆိုပါစစ်ရာဇဝတ်မှုကျူးလွန်သူမှာ KNDF/PDF/KNPP တို့သာဖြစ်ကြောင်း SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ထားသလို ပအိုဝ်းအဆိုတော်ခွန်နောင်ကလည်း အဆိုပါ သတ်ဖြတ်မှုများကိုလုပ်​ဆောင်သည်မှာ တော်လှန်ရေးအဖွဲ့များ(KNDF/PDF/KNPP)တို့သာဖြစ်သည်ဟုရုပ်သံလွှင့်ပြောဆိုမှုများရှိခဲ့ပြီးနောက် လက်ရှိအချိန်တွင် PNO ကိုယ်တိုင်က ထိုစစ်ရာဇဝတ်မှုကျုးလွန်သူများမှာ KNDF သာဖြစ်ကြောင်း တရားဝင်အသိပေးလာခဲ့ခြင်းဖြစ်သည်။

ထို့အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲများနှင့် နိုင်ငံတကာတွင် မြန်မာ့အရေးဆွေးနွေးချိန်တိုင်း မြန်မာနိုင်ငံ၌ SAC ကို လက်ညှိုးထိုးစွပ်စွဲနိုင်သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ အမြဲတစေချိန်ကိုက်ဖြစ်နေသဖြင့် နမ့်နိမ့်ရွာဖြစ်စဥ်မှာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် SAC အား လက်ညှိုးထိုးနိုင်ရန် CRPH၊ NUG၊ PDF၊ KNDF များက အကွက်ချသတ်ဖြတ်သည့်ပုံစံဖြစ်နေသည်ဟုလည်း သုံးသပ်မှုများရှိနေသည်။ လက်ရှိအချိန်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေးတံခါးပိတ်အစည်းအဝေးကျင်းပနေသကဲ့သို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည်လည်း အမေရိကန်သို့ရောက်ရှိနေသကဲ့သို့ ၁၄၆ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့လည်း NUG မှ ဒေါက်တာဝင်းမြတ်အေးဦးဆောင်တက်ရောက်နေသဖြင့် SAC ကို လက်ညှိုးထိုးနိုင်မည့် နမ့်နိမ့်ရွာလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ်ကို CRPH၊ NUG၊ PDF၊ KNDF တို့က အကွက်ကျကျကျုးလွန်ခြင်းအပြင် အေးချမ်းနေသော ပအိုဝ်းဒေသတွင် မငြိမ်မသက်ဖြစ်စေရန် Proxy War ကျုးလွန်ခြင်းဟုလည်း နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုနေသည်။

ပုံစာ။ PNO ထုတ်ပြန်ချက်နှင့် KNDF သတ်ဖြတ်ထားသည့် နမ့်နိမ့်ရွာမှ သံဃာများနှင့် ပြည်သူများ သေဆုံးနေမှုမြင်ကွင်း

mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *