September 22, 2024

၁၄. ၃ .၂၀၂၃

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ငွေကျပ်သိန်း ၂၀၀၀ ဝန်းကျင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မတ်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ မတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပထမဖြစ်စဥ်မှာ မတ်လ ၁၂ ရက် နေ့လယ် ၃ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက်၊ ဝေဇယန္တာလမ်းတွင် စိုးဦး မောင်းနှင်ပြီး ဟိန်းသူ (ခ)မင်းမင်း၊ စောဉာဏ်လင်း၊ အောင်ဟိန်းနှင့် ဒေါပြုံးတို့ လိုက်ပါလာသည့် TOYOTA PROBOX ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် ၎င်းတို့သယ်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀၀)နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ စိုးဦး(၅၀)နှစ်၊ ဟိန်းသူ (ခ)မင်းမင်း(၄၀)နှစ်၊ စောဉာဏ်လင်း(၃၄)နှစ်၊ အောင်ဟိန်း(၃၁)နှစ်နှင့် ဒေါပြုံး (၄၃) နှစ်တို့အား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့အတူ မတ်လ ၁၃ ရက် နေ့လယ် ၁ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်း လမ်းလျှောက်လာသူ စန်းဌေးနှင့် အောင်မျိုးဝင်းတို့အား စစ်ဆေးရှာဖွေရာ စန်းဌေး သယ်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၈၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၈၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ၎င်းတို့သုံးစွဲရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် စန်းဌေး(၅၃)နှစ် နှင့် အောင်မျိုး၀င်း(၄၈)နှစ်တို့အား ဘုရင့်နောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *