September 22, 2024

၁၄. ၃. ၂၀၂၃

Written by Hey Mar
အမျိုးသားတစ်ဦး၏အလောင်းအား ကားလမ်းပေါ်သို့ ပစ်ချခဲ့မှုတစ်ခု မတ်လ ၁၂ ရက် ည ၁၀ နာရီဝန်းကျင်က တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံဟစ်တိုင်ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း အလောင်းအား သွားရောက်ကူညီသယ်ဆောင်သည့် မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌမှ MT News သို့ ပြောသည်။

“အလောင်းကို ရဲတပ်ဖွဲ့ကသွားစစ်ဆေးပြီး အလောင်းသယ်ဖို့ ကျွန်တော်အဖွဲ့ကို အကြောင်းကြားလို့ သွားသယ်တာပါ။ ကျွန်တော်တို့သိတော့ ည ၁၁ နာရီလောက် ရှိပါပြီ။ ရဲတပ်ဖွဲ့နဲ့ အနီးအနားက ပြောပြတာက အလောင်းကို ပစ်သွားတာကို လမ်းစည်ပင်သန့်ရှင်းရေးသမားက အမှိုက်သိမ်းရင်း အလောင်းကို တွေ့တယ်။ သူက ရဲစခန်းကို အကြောင်းကြားလို့ ရဲဘက်က ဆက်လက်စစ်ဆေးတော့ ကားတစ်စီးပေါ်ကနေ ကားမောင်းရင်းနဲ့ ပစ်ချသွားတာ။ အလောင်းမှာ ဘယ်လိုဒဏ်ရာတွေ တွေ့ရလဲဆိုတော့ မျက်နှာတစ်ခုလုံးဖူးယောင်၊ မျက်ခုံးကွဲ၊ နှာခေါင်း၊ ပါးစပ် သွေးထွက်၊ နားထဲက သွေးထွက်။ အဲဒီလို ဒဏ်ရာတွေနဲ့ပါ။ ရိုက်နှက်ခံထားရတဲ့ အနေအထားပါ”ဟု မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့၏ ဥက္ကဋ္ဌက ပြောသည်။

သေဆုံးသူ အမျိုးသားမှာ လက်ရှိအချိန်အထိ မည်သည့်အရပ်က မည်သူမည်ဝါဟု မသိရှိရသေးသည့်အတွက် သင်္ကန်းကျွန်းစံပြဆေးရုံကြီးမှ ပိုင်ရှင်မဲ့အလောင်းအဖြစ် သတ်မှတ်ကာ PR နံပါတ် ၇၁ ဖြင့် လက်ခံထားကြောင်း သိရသည်။ ထိုသူအား တာမွေမြို့နယ်ရဲတပ်ဖွဲ့စခန်း အမှတ် (၄၀) မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးသယ်ဆောင်ကာ ဆက်လက် စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *