MT News
Written by Tha Doe
ရန်ကုန်စတော့အိတ်ချိန်းရှိ အစုရှယ်ယာများ တက်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး အရောင်းအဝယ် ပြုလုပ်သည့် ရှယ်ယာအရေအတွက်မှာလည်း ယခင်လများက ထောင်ဂဏန်းသာရှိခဲ့ရာမှ စက်တင်ဘာလမှစတင်ကာ အစုရှယ်ယာသောင်းနှင့်ချီ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ နေ့စဥ်ထုတ်ပြန်သည့် စျေးကွက်သတင်းများအရ သိရသည်။
စက်တင်ဘာ ၅ ရက်နေ့တွင် FMI ရှယ်ယာမှာ အမြင့်ဆုံး ကျပ် ၈၈၀၀ အထိ ဖြစ်ပေါ်ခဲ့ပြီး အစုရှယ်ယာ ၈၅၄၁ စောင် အရောင်းအဝယ်ပြုလုပ်ခဲ့ကာ ကျပ် ၇၂၆ သိန်းကျော်အရောင်းအဝယ်ဖြစ်ခဲ့သည်။ စက်တင်ဘာ ၂ ရက်တွင် ကျပ် ၇၈၀၀ သာရှိသော FMI ရှယ်ယာမှာ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၀၀၀ ခုန်တက်ခဲ့ပြီး ကျပ် ၆၉၀၀ အထိ စံချိန်တင်စျေးနှုန်းကျဆင်းခဲ့သည့် ဩဂုတ်လအတွင်း စျေးနှုန်းများနှင့် နှိုင်းယှဥ်ပါက ကျပ် ၁၉၀၀ မြင့်တက်လာခဲ့သည်။ MTSH ရှယ်ယာမှာမူ ရှယ်ယာတစ်စု ကျပ် ၅၀၀ မြင့်တက်လာခဲ့ပြီး တစ်စုလျှင် ကျပ် ၃၅၀၀ အထိဖြစ်ခဲ့ကာ အစုရှယ်ယာ ၂၀၄၆၈ စု အတွက် ကျပ် ၆၇၄ သိန်းကျော်ဖိုး အရောင်းအဝယ်ပြုနိုင်ခဲ့သည်။ မြန်မာနိုင်ငံသားများဘဏ်ရှယ်ယာမှာမူ ကျပ် ၄၀၀ မြင့်တက်လာခဲ့သော်လည်း တစ်စုလျှင် ကျပ် ၇၅၀၀ နှုန်းဖြင့် ၅၆ စုသာ အရောင်းအဝယ်ဖြစ်ခဲ့သည်။
ပထမပုဂ္ဂလိကဘဏ်ရှယ်ယာမှာ ကျပ် ၁၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ရှယ်ယာတစ်စု ကျပ် ၁၉၅၀၀ အထိဖြစ်ပေါ်ခဲ့ကာ အစုရှယ်ယာ ၁၁၇၀ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ TMH ရှယ်ယာမှာ ကျပ် ၅၀ မြင့်တက်ခဲ့ပြီး အစုရှယ်ယာ တစ်စု အမြင့်ဆုံးစျေး ကျပ် ၂၅၅၀ ဖြင့် ၁၀၄၃ စောင်အရောင်းအဝယ်ဖြစ်ခဲ့သကဲ့သို့ EFR (Ever Flow River Group အများပိုင်ကုမ္ပဏီ) ရှယ်ယာများမှာ တစ်စုလျှင် ကျပ် ၁၀၀ မြင့်တက်လာခဲ့ပြီး အစုရှယ်ယာ တစ်စုလျှင် ကျပ် ၂၇၀၀ ဖြင့် ၂၀၄၈ စု အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့သော်လည်း AMATA အစုရှယ်ယာများမှာမူ စျေးနှုန်းအပြောင်းအလဲမရှိဘဲ တစ်စုကျပ် ၅၀၀၀ ဖြင့် ၁၁၄၈ စောင်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများမှာ ယခင်က တစ်နေ့တာအရောင်းအဝယ်ဖြစ်မှုမှာ ရာဂဏန်းသာဖြစ်ပြီး ရှယ်ယာအရောင်းအဝယ်ကျဆင်းနေရာမှ ယခုလမှစတင်ကာ ရှယ်ယာများ အစုပေါင်းသောင်းချီ အရောင်းအဝယ်ပြုလုပ်လာသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအတွင်း အစုရှယ်ယာ ၁၀၀၀၀ အထက် အရောင်းအဝယ်ပြုလုပ်နိုင်သည့် ရက်မှာ ဇန်နဝါရီ ၃၁ ရက်တွင် ၁၀၅၀၅ စု၊ ဖေဖော်ဝါရီ ၉ ရက်တွင် အစုရှယ်ယာ ၁၀၆၇၂ စု၊ ဧပြီ ၂၅ ရက်တွင် ၁၀၂၅၉ စု၊ ဩဂုတ် ၃၀ တွင် ၂၀၃၉၆ စု အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ရက်များမှာ အစုရှယ်ယာ ရာဂဏန်းနှင့် ထောင်ဂဏန်းသာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ အဆိုးဆုံးအဖြစ် ၂၀၂၂ ခုနှစ် ဇွန် ၃၀ တွင် စာရင်းဝင်ကုမ္ပဏီခုနစ်ခုမှ အစုရှယ်ယာ ၂၅၃ စုသာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းနှင့် မေ ၂၅ ရက်တွင် ၃၆၉ စု၊ မတ် ၂၃ ရက်တွင် ၄၁၁ စု၊ ဇန်နဝါရီ ၁၄ ရက်တွင် ၄၇၅ စုအထိ ကျဆင်းခဲ့သည်။ ထိုသို့ အရောင်းအဝယ်ဖြစ်မှု ကျဆင်းနေရာမှ စက်တင်ဘာ ၁ ရက်တွင် အစုရှယ်ယာ ၂၅၈၅၂ စုမှ ကျပ် သိန်း ၈၄၀ ကျော်၊ စက်တင်ဘာ ၂ ရက်တွင် အစုရှယ်ယာ ၂၃၉၂၃ စုမှ ကျပ် ၉၉၈ သိန်းကျော်၊ စက်တင်ဘာ ၅ ရက်တွင် အစုရှယ်ယာ ၃၄၅၃၀ စုမှ ကျပ် ၁၇၆၉ သိန်းကျော်ဖိုးအထိ ပြန်လည်မြင့်တက်လာခဲ့သည်။
” ဒီနှစ်ထဲမှာ သိန်း ၁၀၀၀ ကျော်ဖိုးရောင်းရတာ ဒါ ပထမဆုံးပဲ။ YSX ရှယ်ယာအကုန်လုံးအကျစျေးနဲ့ ငြိမ်နေ အမြင့်ဆုံးစျေးဖြစ်လာတာ၊ တစ်နှစ်လုံးလိုလို ရှယ်ယာထောင်ဂဏန်းပဲ အရောင်းအဝယ်ဖြစ်နေရာကနေ နေ့ချင်းရက်ချင်း သောင်းချီဖြစ်လာတာတွေက ပုံမှန်တော့မဟုတ်ဘူး။ ရွှေတွေ ဒေါ်လာတွေ စျေးကစားသူတွေ YSX ဘက် လှည့်လာတဲ့သဘောဖြစ်မှာ” ဟု ရန်ကုန်စတော့အိတ်ချိန်းအရောင်းအဝယ်ဖြစ်မှုကို နေ့စဥ်စောင့်ကြည့်သူတစ်ဦးက ပြောသည်။