October 23, 2024

MT News

Written by Hey Mar

နောင်ချိုမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်း အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မတ်လ ၈ ရက်နေ့ ညနေက ဖမ်းဆီးမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ မတ်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၈ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မန္တလေး-လားရှိုးကားလမ်းတွင် ကွတ်ခိုင်ဘက်မှ မန္တလေးဘက်သို့ ခိုင်ထူးမောင်းနှင်သော Wish မော်တော်ယာဉ်နှင့် ကောင်းစံ(ခ)ကောင်းကောင်း မောင်းနှင်သော Crown မော်တော်ယာဉ်တို့အား သတင်းအရရှာဖွေရာ ယာဉ် ၂ စီး၏ ခေါင်မိုးပေါ်ရှိ အခင်းဖော့ပြားများအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကို ဖမ်းဆီးရမိခဲ့သည်။

သတင်းကွင်းဆက်အရ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် စိုးနိုင် မောင်းနှင်သည့် IPSUM မော်တော်ယာဉ်၏ ခေါင်မိုးပေါ်ရှိ အခင်းဖော့ပြားများအတွင်းမှ အလားတူ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းပြား ထပ်မံဖမ်းဆီးရမိသဖြင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်းပြား ဖမ်းဆီးမိခဲ့သည်။

ထပ်မံ စစ်ဆေးဖော်ထုတ်ချက်များအရ ညနေ ၅ နာရီအချိန် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ၌ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်ဇင်ဝိုင်း(ခ)ကျော်ကျော်နှင့် ယင်းနေ့ ညနေ ၆ နာရီခွဲအချိန် ကွတ်ခိုင်မြို့၊ နမ့်ခမ်း-မန်းကားဂိတ်မှူး မောင်စီချို(ခ)မော်စီတို့အား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *