October 24, 2024

အိုးပုံစံအလုံးများကိုဆက်ကာ ရေပိုက်သဖွယ်သုံးခဲ့သည့် ပုဂံခေတ်ယဥ်ကျေးမှုသက်သေများ

MT News

Written by Peya

ပုဂံခေတ်တွင် မက်ဆိုပိုတေးမီးယားတို့ကဲ့သို့ မြေမီးဖုတ်အိုးပုံစံ အလုံးများဆက်ကာ ရေပိုက်အဖြစ် အသုံးပြုခဲ့ကြောင်း အထောက်အထားသစ်ကို တူးဖော်တွေ့ရှိရသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သို့ ပြောသည်။

အဆိုပါ အထောက်အထားသစ်ကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ညောင်လက်တစ်ဖက်ကန်မှ ပုဂံခေတ်ရေလွှဲပေါက် သို့မဟုတ် ရေကျော်ပေါက်ကို တူးဖော်သုတေသနလုပ်ရာတွင် တွေ့ရှိရခြင်းဖြစ်ကာ ပုဂံသုတေသနအတွက် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်သည်။

“အီရန်တို့ ဘာတို့ မက်ဆိုပိုတေးမီးယားတို့ နိုင်းမြစ်ဝှမ်း ယဉ်ကျေးမှုတို့မှာ တွေ့သလိုမျိုး အိုးပုံစံပေါ့နော်။ ရွံ့အိုးလိုဟာမျိုးကို ဆက်ပြီးတော့ ပိုက်လုပ်ထားတာပေါ့။ ဒီဟာက ထူးထူးခြားခြားတွေ့တာ” ဟု ဦးကျော်မျိုးဝင်းက ရှင်းပြသည်။

အသစ်တွေ့ရှိရသည့်ပုံစံမှာ အိုးပုံစံ စလင်ဒါအလုံးများကို တစ်လုံးချင်းစီစွပ်ကာဆက်ကာ ရေပိုက်သဖွယ်လုပ်ထားသည့်ပုံစံဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ ပုဂံဌာနခွဲအနေဖြင့် ပုဂံခေတ် ရေစီးရေလာအခြေအနေနှင့် ပတ်သက်၍ သုတေသနပြုခြင်း၊ ဖော်ထုတ်ခြင်းများကို ပြုလုပ်နေခြင်းဖြစ်ပြီး ထိုသို့ သုတေသန ပြုလုပ်သည့် လုပ်ငန်းခွင်တွင် အထက်ပါအတိုင်း အထောက်အထားသစ်ကို တွေ့ရခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *