October 24, 2024

၁၃. ၃. ၂၀၁၃
Written by Phyo Wei

လက်နက်ကိုင်ထကြွလာမှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အားပေးလာကြတဲ့အခါ ပြန်ရလာမှာက အသက်ဆုံးရှုံးမှု၊ နေထိုင်ရာနဲ့ မိသားစုဘ၀ဆုံးရှုံးမှုကလွဲရင် ပြည်သူ့အတွက်တော့ ဘာအကျိုးရလဒ်မှ မရတာ အသေအချာပါ။ ဘယ်လောက်ပဲ ငါတို့နိုင်မယ်လို့ NUG ပြောပြော အမေရိကန်ထောက်လှမ်းရေးအမျိုးသားညွှန်ကြားရေးမှူးရုံး(ODNI) ကတောင် NUG ရော SAC ပါ နိုင်ခြေမရှိပါဘူးလို့ ပြောလာတဲ့အချိန်မှာ ပြည်ပထွက်ပြေးနေရတဲ့ NUG အနေနဲ့ နိုင်ငံနဲ့ ပြည်သူနစ်နာစေတဲ့ False Hope တွေနဲ့ ဆက်ပြီးလိမ်လည်နေမဲ့အစား နိုင်ငံရေးစကားဝိုင်းမှာ NLD နဲ့အတူ ပြန်လည်ပါဝင်ဖို့ပဲကြိုးပမ်းတာက အားလုံးအတွက်အကောင်းဆုံးပါလို့ ပြောရမဲ့ ဒီရက်သတ္တပတ်မှာ ရဟန်းသုံးပါးနဲ့ ပြည်သူ ၃၀ သတ်ဖြတ်ခံရမှုအတွက် ပအိုဝ်ဒေသက တရားခံရှာဖွေပွဲအကြောင်း၊ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက IQ အကောင်းဆုံး အဆင့် ၃ ရတယ်ဆိုတဲ့အကြောင်းနဲ့ Global Fire Power မှာ သုံးနှစ်ဆက်အဆင့် ၃၈ သတ်မှတ်ခံနေရတဲ့ တပ်မတော်အကြောင်းတွေကို ပြောပြချင်ပါတယ်။

ပအိုဝ်ဒေသက တရားခံရှာဖွေပွဲ

မတ်လ ၁၁ ရက်မှာ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နမ့်နိမ့်ရွာမှာ ရဟန်းသုံးပါးနဲ့ ပြည်သူ ၃၀ သတ်ဖြတ်ခံရမှုဖြစ်စဉ်ဖြစ်ခဲ့ပြီး ဒီဖြစ်စဉ်ကို တပ်မတော်က ကျုးလွန်တယ်လို့ တော်လှန်ရေးလုပ်ဆောင်တယ်ဆိုတဲ့ လက်နက်ကိုင်တွေနဲ့ NUG ဘက်က စွပ်စွဲခဲ့ကြပြီး ဒီအပေါ်မှာတော့ ဒီလို စစ်ရာဇဝတ်မှုကျုးလွန်တာက PDF၊ KPDF နဲ့ KNPP တို့သာဖြစ်တယ်လို့ SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ တုံ့ပြန်ပါတယ်။

“မတ်လ ၁၁ ရက်နေ့ ၉ နာရီမှာ အဲဒီရွာနားလေးရောက်တဲ့အခါမှာ KNDF၊ PDF၊ KNPP အကြမ်းဖက်အဖွဲ့တွေက တပ်မတော်စစ်ကြောင်းတွေနဲ့ ဒေသခံပြည်သူ့စစ်တွေကို စတင်တိုက်ခိုက်ခဲ့တာရှိတယ်။ ချောင်းမြောင်းပစ်ခတ်တာရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ဒီအဖွဲ့တွေအနေနဲ့က တည်ငြိမ်အေးချမ်းနေတဲ့ ပအိုဝ်ရွာနမ့်နိမ့်ရွာထဲကိုဝင်တယ်။ ဝင်ပြီးတော့ ပစ်ခတ်ခဲ့တာမျိုးတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအဖွဲ့တွေကို တိုက်ခိုက်ခဲ့ရတာမျိုးရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ အလောင်း၊ လက်နက်တချို့ ရရှိခဲ့တာရှိတယ်။ နေ့လယ် ၃ နာရီလောက်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ဖြစ်စဉ်တစ်ခုလုံးပြောရင်တော့ ဒီပအိုဝ်ဒေသရဲ့ ငြိမ်းချမ်းနေမှုကို ဖျက်ဆီးဖို့ရည်ရွယ်ချက်နဲ့ လာရောက်ဆောင်ရွက်တာဖြစ်တယ်။ တည်ငြိမ်အေးချမ်းနေတဲ့ ပအိုဝ့်ဒေသခံတွေ ပအိုဝ်ပြည်သူ့စစ်တွေ၊ ဒေသခံလုံခြုံရေးတွေနဲ့ တပ်မတော်ကြားထဲကို ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ဆောင်တာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့က KNDF၊ PDF၊ KNPP အဖွဲ့တွေကိုပဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒီနေရာမှာ ရွာသူရွာသားတွေသေတယ်ဆိုပြီး သတင်းမှားအများကြီးရှိတယ်။ ပြီးရင် သူတို့ဝင်သွားပြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ရွာသူရွာသားတချို့လည်း သေဆုံးရ၊ ထိခိုက်ဒဏ်ရာရ၊ ထွက်ပြေးရတယ်ဆိုတာမျိုးလည်းရှိတယ်။ ကျွန်တော်ပြောချင်တာကတော့ ပအို့ဝ်ဒေသသည် အစဉ်ငြိမ်းချမ်းလာတဲ့ ဒေသဖြစ်တဲ့အတွက် KNDF၊ PDF၊ KNPP အဖွဲ့တွေအနေနဲ့ ပအိုဝ်ဒေသသည် တည်ငြိမ်အေးချမ်းနေတဲ့ဒေသဖြစ်တဲ့အတွက် ဒီတည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးဖို့ အစိုးရနဲ့ တပ်မတော်၊ ဒေသခံပြည်သူလူထုတွေကြားမှာ ထင်ယောင်ထင်မှားဖြစ်စေဖို့ ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျုးလွန်သူတွေက စစ်ရာဇဝတ်မှုကျုးလွန်သူတွေက ဒီလူတွေပဲဖြစ်တယ်(KNDF၊ PDF၊ KNPP) လို့ပြောချင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ပအိုဝ်ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေခဲ့တဲ့ ဒီ KNDF၊ PDF၊ KNPP အဖွဲ့တွေကို ထပ်မံပြီးတော့ လုံခြုံရေးအရလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်“ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

သံဃာသုံးပါးနဲ့ လူ ၃၀  သတ်ဖြတ်ခံခဲ့ရတဲ့ နမ့်နိမ့်ရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ နှစ်ဖက်အကြား အပြန်အလှန် ပြစ်တင်ပြောဆိုနေပေမဲ့ ဒီသတ်ဖြတ်မှုဖြစ်စဉ်အပေါ် ပအိုဝ်အဆိုတော် ခွန်နောင်ကတော့ ဒီလိုသတ်ဖြတ်မှုကို တော်လှန်ရေးအဖွဲ့တွေ (KNDF၊ PDF၊ KNPP) က လုပ်ဆောင်တယ်လို့ ပြောဆိုတာက ပိုများတယ်လို့လည်း Facebook မှာ ရုပ်သံလွှင့် ပြောထားတာ တွေ့ရပါတယ်။ သေချာတာကတော့ နိုင်ငံတကာမှာ အရေးပါတဲ့ပွဲတွေ၊ ကုလသမဂ္ဂပွဲတွေ၊ NUG အစိုးရတာဝန်ယူထားသူတွေ ပြည်ပရောက်နေချိန်တွေမှာ SAC ကို လက်ညှိုးထိုးနိုင်မဲ့ သတ်ဖြတ်မှုကြီးကြီးမားမားဇာတ်ညွှန်းတွေ အမြဲတမ်း ချိန်ကိုက်ဖြစ်နေတာတွေ့ရတာပါ။ ဒီလိုမျိုး ချိန်ကိုက်ဖြစ်စဉ်တွေဟာ သွေးရိုးသားရိုးလားဆိုတာကတော့ NUG က ဇာတ်ညွှန်းရေးသူတွေပဲ သိနိုင်ပါလိမ့်မယ်။

အရှေ့တောင်အာရှက IQ အကောင်းဆုံး အဆင့် ၃ မြန်မာ

နိုင်ငံနဲ့ ဒေသ ၁၉၉ ခုကို ယှဥ်ချပြီး ကမ္ဘာ့ IQ (Intelligence Quotient) အကောင်းဆုံးနိုင်ငံစာရင်းပြုစုတဲ့အခါ မြန်မာနိုင်ငံက ကမ္ဘာ့အဆင့်မှာ ၅၂ ရပြီး အရှေ့တောင်အာရှအဆင့်မှာတော့ အဆင့် ၃ ရနေတယ်လို့ အမေရိကန်အခြေစိုက် World Population Report က ဆိုပါတယ်။

ဘာသာရပ်ဆိုင်ရာ အတတ်ပညာဆိုင်ရာကို လေ့လာသင်ယူကျွမ်းကျင်မှုဆိုင်ရာ IQ မှာ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာဆို စင်ကာပူနဲ့ ကမ္ဘောဒီးယားနောက်မှာ ရမှတ် ၉၁ ဒသမ ၈၈ နဲ့ တတိယနေရာမှာပါ။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေမှာတော့ တရုတ်ပြီးရင် ဒုတိယပါပဲ။ ထိုင်းဟာ IQ နှုန်း ၈၈ ဒသမ ၈၇၊ ဘင်္ဂလားဒေရှ့်က IQ နှုန်း  ၇၄ ဒသမ ၃၃ နဲ့ လာအိုကတော့ ၈၀ ဒသမ ၉၉ ပါ။ အိန္ဒိယကတော့ ၇၆ ဒသမ ၂၄ နဲ့ ကမ္ဘာ့အဆင့် ၁၄၃ မှာရှိပြီး တရုတ်ကတော့ IQ ၁၀၄ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့အဆင့် ၅ မှာ ရှိနေတာပါ။ ကမ္ဘာ့ IQ အမြင့်ဆုံးနိုင်ငံထဲမှာ မြန်မာက လေးစားလောက်စရာအဆင့်တစ်ခုရှိထားလို့ သဘောကျစရာဖြစ်ပေမဲ့ စစ်တမ်းထုတ်တဲ့ အမေရိကန်အဖွဲ့အစည်းက လက်လုပ်လက်နက်တွေထုတ်တဲ့အဖွဲ့တွေ မြှောက်ပေးချင်လို့များ ဒီစစ်တမ်းထုတ်ခဲ့သလား တွေးစရာပါ။ သေချာတာကတော့ မြန်မာတွေဟာ IQ မြင့်ပေမဲ့ ပူးပေါင်းဆောင်ရွက်မှုအားနည်းပြီး ဆင်ခြေများ အပျင်းထူပါတယ်။ ဒါကြောင့်လည်း IQ မြင့်တယ်ဆိုတဲ့နောက်မှာ ကမ္ဘာ့အဆင်းရဲဆုံး၊ ပြည်တွင်းစစ်သက်တမ်းအရှည်ဆုံးနိုင်ငံဖြစ်နေတာပါ။

Global Fire Power က သုံးနှစ်ဆက်အဆင့် ၃၈ ရ မြန်မာ

နိုင်ငံအလိုက်တပ်မတော်တွေရဲ့ အဆင့်အတန်းကိုအချက်ပေါင်း ၆၀၊ ၇၀ နဲ့ ဆန်းစစ်သတ်မှတ်တဲ့ Global Fire Power ရဲ့ ၂၀၂၃ ခုနှစ်အတွက် တပ်မတော်အဆင့်အတန်းသတ်မှတ်ချက်မှာ မြန်မာ့တပ်မတော်က အဆင့် ၃၈ မှာ ရပ်တည်ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ အဆင့် ၃၈ ဆိုတာက နွေဦးတော်လှန်ရေးစတဲ့ ၂၀၂၁ ကတည်းကဖြစ်လို့ ဒီနှစ်နဲ့ဆို ၃၈ နဲ့ သုံးနှစ်ဆက် ရပ်တည်တယ်လို့ ပြောရမှာပါ။ ဒီနေရာမှာ ပြီးခဲ့တဲ့နှစ်နှစ်ကျော်အတွင်း ဖြစ်စဥ်တွေကို ပြန်လေ့လာပါ။ ‘ငါတို့နိုင်မှာ’ ‘ငါတို့နိုင်နေပြီ’ ‘တပ်ပျက်နေပြီဟေ့’ ဆိုတဲ့ကြွေးကြော်သံတွေနဲ့ NUG က သူတို့ဟာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅၀၀၀ ကျော်သတ်ထားပြီး မြန်မာ့နယ်မြေထက်ဝက်ကျော် အုပ်စိုးထားပြီလို့ကို NUG ယာယီသမ္မတ ဒူဝါလရှီးလကိုယ်တိုင် ကမ္ဘာကိုအသိပေးပြီး နိုင်နေပြီ ကြွေးကြော်နေတာပါ။ NUG ရဲ့ စကားသာ တကယ်မှန်ပြီး တပ်ပျက်နေပြီဆို Global Fire Power ကလည်း တပ်အဆင့်ကို သေချာပေါက်လျှော့ချသတ်မှတ်မှာဖြစ်ပြီး ၂၀၂၁ က GFP အဆင့် ၃၈ မြန်မာ့တပ်မတော်ဟာ ၂၀၂၃ မှာ ၄၀ ကျော် ဖြစ်သွားနိုင်ပါတယ်။

ဒါပေမဲ့လည်း အမေရိကန်အပါအဝင်ကမ္ဘာလုံးဆိုင်ရာဖိအားပေးမှုကြားက ​တပ်မတော်ဟာ GFP မှာ အဆင့်မကျခဲ့တာမို့လို့ NUG ရဲ့ တပ်ပျက်နေပြီဟေ့ဆိုတဲ့စကားသံက မှန်ကန်မှုနတ္ထိဖြစ်နေတဲ့အပြင် လူထုကိုလိမ်လည်စားနေတာလည်းပေါ်လွင်လာပြီး ဒီလိုလိမ်လည်မှုတွေ ဆက်ကျုးလွန်ပြီး လူထုကို False Hope ပေးနေမဲ့အစား NLD အားပြုတဲ့ နိုင်ငံရေးစားပွဲဝိုင်းကိုသာပြန်သွားပါလို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *