October 24, 2024

မတ်လ ၁၀ ရက်တွင်ကားကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာကလာရာမြို့မှ Silicon Valley Bank ဖျက်သိမ်းနေစဉ်

◾️ ပိုင်ဆိုင်မှု ဒေါ်လာဘီလျံ ၃၀၀ ကျော်ရှိသည့် အမေရိကန်ဘဏ်ကြီးသုံးခု တစ်ပတ်အတွင်း ပြိုလဲမှုနောက်မှာ ဘယ်ဘဏ်တွေ ဆက်ပြိုဦးမလဲ

၁၃.၂.၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘာ့နိုင်ငံများအဖို့ စီးပွားရေးတည်ငြိမ်မှုက နှစ်ဆယ့်တစ်ရာစု၏ တတိယဆယ်စုနှစ်သို့ စတင်ပြောင်းလဲလာသည့်အချိန်မှစ၍ မတည်ငြိမ်မှုများနှင့်ရင်ဆိုင်လာပြီး အခက်အခဲပေါင်းများစွာကို ကြုံတွေ့နေကြရသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း သမ္မတထရန့်လက်ထက်မှစ၍ တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေးတွင် မိမိဘက်မှ အသာစီးရရေးကြိုးပမ်းမှုများက နှစ်နိုင်ငံကုန်သွယ်ရေးတွင် တင်းမာမှုများဖြစ်ပေါ်စေသည်သာမက အခြားနိုင်ငံများကိုပါ သက်ရောက်မှုများရှိခဲ့သည်။

ထို့နောက်တွင်မူ အင်အားကြီးနှစ်နိုင်ငံ၏ ကုန်သွယ်ရေးတင်းမာမှုများသာမက ကမ္ဘာ့နိုင်ငံများ၏စီးပွားရေးကို ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကမ္ဘာတစ်ဝန်းစတင်ဖြစ်ပေါ်မှုက ပိုမိုဆိုးဝါးလာစေခဲ့သည်။ ကုန်သွယ်မှုများကျဆင်းခြင်း၊ နိုင်ငံ့ဝင်ငွေရလမ်းများ ပျက်ပြားရခြင်းတို့ကို ကမ္ဘာ့နိုင်ငံအများအပြားပင် ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုမျှမကသေး။ အနောက်အုပ်စုနှင့် ရုရှားတို့၏ အားပြိုင်ပွဲဟုလည်းဆိုရမည့် ရုရှား-ယူကရိန်းစစ်ပွဲ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စတင်ဖြစ်ပွားလာခဲ့မှုက ကမ္ဘာ့နိုင်ငံများအဖို့ ‘ဘူးလေးရာဖရုံဆင့်’ ဆိုသလို လောင်စာဆီဈေးနှုန်းကြီးမြင့်မှု၊ စားသုံးကုန်နှင့် အခြားလူသုံးကုန်ပစ္စည်းများဈေးကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုနှင့် အလုပ်လက်မဲ့ပေါများလာမှု စသည့် ပြဿနာများကို ထပ်တိုးရင်ဆိုင်ခဲ့ရသည်။

နောက်ဆုံးအနေဖြင့်မူ နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်ဖြစ်နေရသည့် ကမ္ဘာကြီးထဲတွင် နောက်ဆုံးထပ်မံကြုံတွေ့လာရသည့် စိုးရိမ်ဖွယ်အခြေအနေတစ်ခုက ၂၀၂၃ ခုနှစ် မတ်လအတွင်း အမေရိကန်ပြည်ထောင်စုအတွင်းရှိ ဘဏ်ကြီးများတစ်ခုပြီးတစ်ခု စတင်ပြိုလဲလာသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ကြရခြင်းပင်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်တွင် ကယ်လီဖိုနီးယားပြည်နယ်၊ ဆန်ဒီယာဂိုမြို့ရှိ Silvergate Bank ၏လုပ်ငန်းများ ဖျက်သိမ်းရပ်နားကြောင်း ကြေညာခဲ့သည်။ ဒေါ်လာ ၁၁ ဘီယံခန့် ပိုင်ဆိုင်မှုရှိသော Silvergate Bank အနေဖြင့် Cryptocurrency ဟုခေါ်သော ဒစ်ဂျစ်တယ်ငွေကြေးကို ငွေကြေးလဲလှယ်မှုစနစ်တွင်အသုံးပြုပြီး ဘဏ်အနေဖြင့် ဒစ်ဂျစ်တယ်ငွေကြေးပိုင်ဆိုင်မှုများအတွင်း ငွေရေးကြေးရေးအရ ထိန်းသိမ်းမရနိုင်အခြေအနေနှင့် ကြုံတွေ့ခဲ့ရကြောင်း ပြောကြားခဲ့ကြသည်။

မတ်လ ၁၀ ရက်တွင်ကား ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာကလာရာမြို့မှ Silicon Valley Bank က ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ ဒုတိယမြောက် ပြိုလဲသောဘဏ် ဖြစ်လာခဲ့ရပြန်သည်။ အမေရိကန်ပြည်ထောင်စုအတွင်း ၁၆ ခုမြောက်အကြီးဆုံးသော ဘဏ်ကြီးလည်းဖြစ်ကာ ပိုင်ဆိုင်မှု ဒေါ်လာ ၂၀၉ ဘီယံရှိသည်။ အန္တရာယ်ရှိသော စီမံကြီးကြပ်မှု၊ မက်ခရိုစီးပွားရေးကဏ္ဍများနှင့် လူထုထံမှလာသော ကောလာဟလနှင့် မဟုတ်မမှန်သတင်းများအတွင်း Silicon Valley Bank က အပ်ငွေများအပေါ်တွင် အကြောင်းခံကာ လုပ်ငန်းပြိုလဲခဲ့ရခြင်းဟု သုံးသပ်ကြသည်။

မတ်လ ၁၂ ရက်တွင်ကား နယူးယော့ခ်မြို့ရှိ ပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာ ၁၁၈ ဘီလီယံတန်ဖိုးရှိ Signature Bank က ၂၀၂၃ ခုနှစ်အတွင်း တတိယမြောက်ဘဏ်အဖြစ် ပြိုလဲမှုဖြစ်ခဲ့ရပြန်သည်။ ၎င်းက အိမ်ခြံမြေအရောင်းအဝယ်ငွေချေးငှားခြင်းစီးပွားရေးလုပ်ငန်းနှင့်အတူ လည်ပတ်နေသော ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မကြာမီကပင် ဒစ်ဂျစ်တယ်အပ်ငွေများရရှိနိုင်ရေးအတွက် အရောင်းအဝယ်ယှဉ်ပြိုင်ခဲ့သေးသည်။ ငွေကြေးကဏ္ဍစောင့်ကြည့်သူများကမူ Signature Bank ထပ်မံပြိုလဲမှုက အမေရိကန်ပြည်ထောင်စု၏ ငွေကြေးကဏ္ဍတစ်ခုလုံးတည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

စီးပွားရေးတိုးတက်မှုတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရသော အမေရိကန်အဖို့ ၎င်း၏စီးပွားရေးတိုးတက်မှုနှေးကွေးလာမှုကို ပညာရှင်များက ဝေဖန်မှုများပြုခဲ့ကြသည်။ Bloomberg မဂ္ဂဇင်းတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စီးပွားရေးပညာရှင်များက အမေရိကန်အဖို့ ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးကျဆင်းမှုနှင့် ကြုံတွေ့ရရန် ၇၀ ရာခိုင်နှုန်းသေချာကြောင်း သုံးသပ်ခဲ့ကြသည်။ တစ်ဖန် ဤကဲ့သို့ ဘဏ်လုပ်ငန်းများ ပြိုကွဲရပ်ဆိုင်းမှုက စီးပွားရေးတိုးတက်မှုအပေါ်တွင်လည်း အန္တရာယ်ဖြစ်စေသော သက်ရောက်မှုများဖြစ်စေနိုင်သည်ဖြစ်ရာ မူလကပင် အခက်အခဲများရင်ဆိုင်နေရသော အမေရိကန်ပြည်ထောင်စု၏စီးပွားရေးမှာ များစွာမတည်မငြိမ်ဖြစ်လာပြီး အမေရိကန်ဒေါ်လာငွေကြေးခိုင်မာမှု ပို၍ကျဆင်းလာနိုင်သည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးမတည်ငြိမ်မှုနှင့်အတူ အမေရိကန်ဒေါ်လာ၏နေရာတွင် အစားထိုးနေရာယူရန်ကြိုးပမ်းနေမှုများကိုလည်း ကမ္ဘာနိုင်ငံများအကြား တွေ့လာနေရသည်။ အမေရိကန်၏ အရင်းနှီးဆုံးမဟာမိတ်များဖြစ်သော ဆော်ဒီအာရေဗျနှင့် အာရပ်နိုင်ငံများက ရုရှား-ယူကရိန်း ပဋိပက္ခတွင် အမေရိကန်ဘက်မှ မပါဝင်ခဲ့ကြခြင်းက အမေရိကန်အဖို့ များစွာထိခိုက်စေခဲ့သည်။ သို့သော် အမေရိကန်အဖို့ ပညာရှင်များခန့်မှန်းသည့်အတိုင်း ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရလျှင်လည်း ၎င်းတစ်နိုင်ငံတည်းမဟုတ်ဘဲ အခြားသော ကမ္ဘာ့နိုင်ငံများအပေါ်တွင်လည်း အနည်းနှင့် အများသက်ရောက်မှုများဖြစ်လာနိုင်ပေလိမ့်မည်။

သိုဖြစ်၍ အမေရိကန်နိုင်ငံ၏ ဘဏ်များစတင်ပြိုလဲနေမှုက အမေရိကန်နိုင်ငံစီးပွားရေးပျက်ကပ်သို ဦးတည်နေခြင်း ရှိမရှိ အခြားသောနိုင်ငံများကလည်းသတိထား စောင့်ကြည့်ကြရပေလိမ့်မည်။

Ref-CNN, Wiki

Leave a Reply

Your email address will not be published. Required fields are marked *