October 22, 2024

MT News

Written by Thettant

ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် စိတ်ပြောင်းခေါင်းခါဆေး(Ecstasy)၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်များမှာ အောက်တိုဘာ ၈ ရက် ၆ နာရီ ၁၅ မိနစ်ခန့်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(၂)လမ်းတွင် လမ်းလျှောက်လာသူ ညီညီ(ခ)အားရှင်း အားစစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော ဘေးလွယ်အိတ်အတွင်းမှ Ecstasy ဆေးပြား ၁၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ညီညီ(ခ)အားရှင်း(၃၆)နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာ ၇ ရက် ငါးနာရီခန့်အချိန် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၂)၊ ညောင်ရွှေ-အေးသာယာသွားကားလမ်းတွင် နေထက်၀င်း စီးနင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁.၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နေထက်၀င်း(၂၀)နှစ်အား အေးသာယာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် အောက်တိုဘာ ၇ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ လယ်မှီးကျေးရွာအနီးတွင် CANTER အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိန်းလွင် နှင့်အတူ ဘိန်းဖြူအလေးချိန် ၂.၇၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၈၇.၅ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သိန်းလွင် (၆၀)နှစ်အား နန်းမားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *