October 24, 2024

၁၃.၃.၂၀၂၃
Written by Peya

ကချင်ပြည်နယ်၊ နမ္မတီးမြို့နယ် လီဒိုလမ်းမကြီးတစ်နေရာတွင် အရှိန်လွန်သည့်ကားက ချောက်ထဲကျကာ လိမ့်ဆင်းသွားသည့်အတွက် အမျိုးသားတစ်ဦး ကားပေါ်မှ ထွက်ကျကာ သေဆုံးခဲ့ရပြီး တစ်ဦးတွင် ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း ကုသိုလ်ဖြစ်လူမှုကူညီရေးအသင်း (နမ္မတီးမြို့) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ယနေ့ မတ်လ ၁၃ ရက် နံနက်ပိုင်း ၁၁ နာရီ အချိန်က နမ္မတီးမြို့နှင့် ဒွန်ဘုန်းခ ကျေးရွာအကြား လီဒိုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အမျိုးသား ၂ ဦး လိုက်ပါလာသည့် အေဒီဗန် အမျိုးအစားမော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်း ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီနားမှာက အကွေ့တစ်ချက်ရှိတယ်။ အကွေ့ဘေးမှာ ၁၅ ပေလောက်နက်တဲ့ ချောက်ရှိတယ်။ ကားက ပြုတ်ကျတဲ့နေရာကနေ တော်တော်ဝေးဝေးကို လိမ့်သွားတာ။ ဒဏ်ရာရတဲ့သူက ကားဘေးနားမှာ ပြုတ်ကျနေတာ တွေ့တယ်။ သေဆုံးတဲ့သူက ကားနဲ့ ဆယ်ပေလောက် အကွာမှာ ပြုတ်ကျကျန်ခဲ့တာ” ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

ကနဦး မျက်မြင်စစ်ဆေးချက်အရ ဒဏ်ရာရရှိသူတွင် ဦးခေါင်းဒဏ်ရာရထားကြောင်း တွေ့မြင်ရကာ သေဆုံးသူမှာလည်း ဦးခေါင်းနောက်စေ့ဒဏ်ရာဖြင့်ပင် သေဆုံးနေသည်ကို တွေ့ရကြောင်း ၎င်းက ရှင်းပြသည်။

“သေဆုံးတဲ့သူက ပက်လက်လှန်ပြီး ပြုတ်ကျနေတာ။ ကားကလည်း ပေ ၂၀ လောက် အကွာအထိ လိမ့်သွားတယ်” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *