October 24, 2024

CNG တန်းစီနေသော YBS နှင့် Taxi များ မြင်ကွင်း(ဓာတ်ပုံ- သတိုး၊ ငြိမ်းကျော်၊ အာကာမင်းနိုင်)

◾️ ပုံမှန် YBS အစီးရေ ၃၅၀၀ ခန့်ပြေးဆွဲနေရာမှ ၂၈၀၀ ခန့်သာ ပြေးဆွဲနိုင်သဖြင့် နေ့လည်ပိုင်းတွင် ကားရှားမှုများ ဆက်ရှိနိုင်မည်ဟု YRTC ပြော

၁၃. ၃. ၂၀၂၃
Written by Hay Mar & Nyein Kyaw

ယခုရက်ပိုင်းအတွင်း CGN ဂက်စ် တန်းစီရသည့်ကြာမြင့်ချိန် အနည်းငယ် ပြန်လည်လျော့ကျလာသည့်အတွက် YBS ယာဥ်လိုင်းများအနေဖြင့် ရုံးဆင်းချိန်ကို ကားအစီးရေအလျင်မီအောင် ပြေးဆွဲပေးနိုင်မည်ဖြစ်သော်လည်း နေ့လည်ပိုင်းများတွင် ကားရှားမှုဆက်ရှိနေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

“အခု ၂ ရက် ၃ ရက်တော့ ရှိနေပြီ။ CNG ပြန်အဆင်ပြေတာ။ တန်းတော့ စီရပေမယ့် အရင်လို တစ်ရက်လုံးလုံး စီရတာမျိုး မဟုတ်တော့ဘူး။ ညစီတဲ့ကား မနက်ထွက်နိုင်တဲ့ အနေအထားတော့ ပြန်ရောက်လာတာပေါ့” ဦးလျန်ကျင့်မန်က ပြောသည်။

မတ်လ ၉ ရက် နံနက်ပိုင်း ၄ နာရီခွဲအချိန် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအနီးတွင် (၂၀)လက်မ၊ ဇောတိက-ကန်ပေါက်-မြိုင်ကလေး-ရန်ကုန်ဓာတ်ငွေ့ပိုက်လိုင်းအား မိုင်းခွဲခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ၎င်းဖြစ်စဉ်ကြောင့် လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်မှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု (၅၅) မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့သည်။ သဘာဝဓာတ်ငွေ့ပို့လွှတ်နိုင်မှုမရှိခြင်းများနှင့် လျှပ်စစ်မီးပြတ်တောက်မှုများခြင်းများကြောင့်လည်း ထိုသို့ YBS ယာဥ်များ CNG တန်းစီချိန် ပိုမိုကြာမြင့်နေရခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဥ်အစီးရေ ၃၅၀၀ ခန့် ပြေးဆွဲလျက်ရှိပြီး လက်ရှိတွင် CNG ဂက်စ်မရရှိမှုကြောင့် ယာဥ်အစီးရေ ၂၈၀၀ ခန့်သာ ပြေးဆွဲနိုင်ကာ ယခင်ကာလထက် YBS ယာဥ်အစီးရေ ၇၀၀ ခန့် (ရာခိုင်နှုန်း ၂၀ ဝန်းကျင်) ပြေးဆွဲနိုင်မှု လျော့ကျသွားကြောင်း သိရသည်။

“ခရီးသည် ဦးရေက ပျှမ်းမျှ တစ်ရက်ကို ၁၄ သိန်းကျော် ၁၅ သိန်းနီးပါး ပုံမှန်စီးကြတယ်။ ရုံးတက်ရုံးဆင်းချိန်တွေကို ကျွန်တော်တို့ ဦးစားပေး အလျင်မီမီ ဆောင်ရွက်ပေးပါတယ်။ ကျန်တဲ့အချိန်တွေမှာ ဘတ်စ်ဂိတ်မှာ ကားစောင့်ရတာ ကြာတာမျိုးတွေ ဖြစ်တာလည်းရှိပါတယ်။ တချို့ယာဥ်တွေ ရုံးဆင်း ဦးစားပေးလျာထားရတာတွေကြောင့်ပါ။ ယာဥ်တစ်စီး အရင်က အခေါက်ရေ ၅ ခေါက်ဆိုရင် ၃ ခေါက်။ ဒါမျိုး CNG ချွေလိုက်တာမျိုးပါ။ နေ့လည်ဘက် ချွေတာလိုက်ရင် ညနေမှာ ကားများမယ်။ ခရီးသည် မပင်ပန်းတော့ဘူး။ တစ်ဖက်ကလည်း ဘာဖြစ်လဲဆိုတော့ နေ့လည်နေ့ခင်း ကားရှားမယ်ပေါ့” ဟု ဦးလျန်ကျင့်မန်က ပြောသည်။

လက်ရှိအချိန်တွင် CNG ဂက်စ် ဖြည့်မည့် YBS ယာဥ်များကိုလည်း မည်သည့်မြို့နယ်ရှိ CNG ဆိုင်များတွင် ဂက်စ်ကုန်နေခြင်း၊ တန်းစီသည့်ယာဥ်အစီးရေများနေခြင်း စသည်တို့ကို YBS ယာဥ်မောင်းများသို့ အကြောင်းကြားပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“လတ်တလော အများပြည်သူကိုတော့ မေတ္တာရပ်ခံရုံပဲ တတ်နိုင်တဲ့ အနေအထားပါ။ အကောင်းဆုံးကြိုးစားနေပါတယ်” ဟု ဦးလျန်ကျင့်မန်က ပြောသည်။

လက်ရှိတွင် CNG ဂက်စ်ရရှိရန် ညလုံးပေါက်တန်းစီနေရပြီး လူအစားထိုး ယာဥ်မောင်းများမရှိခြင်းတို့ကြောင့် ညဘက် CNG ဂက်စ် တန်းစီဖြည့်ရကာ မနက်ပိုင်း ယာဥ်မောင်းနေကြောင်း YBS ယာဥ်မောင်းများထံမှ သိရသည်။

“ညဘက်ကို တန်းစီတယ်။ ဂက်စ်ပြည့်တာနဲ့ မနက်ကို တန်းပြီးမောင်းရတယ်။ သူများနဲ့ ပေးပြီးတော့ တန်းမစီခိုင်းရဲဘူး။ ကားတစ်ခုခုဖြစ်သွားမှာစိုးလို့။ ဖြစ်သွားရင် ကိုယ့်ခေါင်းပေါ်ချည်းပဲလေ။ အခု ကျွန်တော်မျက်နှာသာကြည့်။ ဒီရက်ပိုင်း အိပ်ရေးတွေလည်းပျက်ပါတယ်” ဟု တောင်ဒဂုံ- ဆူးလေ ပြေးဆွဲနေသည့် ၁၁၁ YBS ယာဥ်လိုင်းမှ ယာဥ်မောင်းတစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဥ်လိုင်းများကို နေ့စဥ်အသုံးပြုနေသည့် ခရီးသည် ဦးရေက ပျှမ်းမျှတစ်ရက်လျှင် ၁၄ သိန်းကျော်မှ ၁၅ သိန်းနီးပါးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

ပုံစာ။ YBS စောင့်ဆိုင်းနေသောပြည်သူများ၊ CNG တန်းစီနေသော YBS နှင့် Taxi များ မြင်ကွင်း(ဓာတ်ပုံ- သတိုး၊ ငြိမ်းကျော်၊ အာကာမင်းနိုင်)

Leave a Reply

Your email address will not be published. Required fields are marked *