October 24, 2024

နမ့်နိမ့်ရွာဖြစ်စဉ်တွင် သတ်ဖြတ်ခံရသူများမြင်ကွင်း

၁၃. ၃. ၂၀၂၃
Written by Nay Moe

ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ၊ နမ့်နိမ့်ရွာ ဘုန်းကြီးကျောင်း၌ သံဃာ(၃)ပါးနှင့် ပြည်သူများအား ကယား PDF ဟု စွပ်စွဲပြီး တပ်မတော်က အစုလိုက်၊ အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ယခုရက်ပိုင်းအတွင်း မီဒီယာများတွင် စွပ်စွဲဖော်ပြမှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အဆိုပါ စစ်ရာဇဝတ်မှုကို ကျုးလွန်ခဲ့သူများမှာ KNDF၊ PDF၊ KNPP အဖွဲ့များသာဖြစ်ကြောင်း ယနေ့တွင် ပြန်လည်တုံပြန်ပြောကြားသည်။

“ပင်လောင်းဒေသဆိုတာက ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်းဖြစ်တယ်။ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တည်ငြိမ်အေးချမ်းမှုရှိတဲ့ဒေသလည်း ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ရော၊ အစိုးရအနေနဲ့ရော ပအိုဝ်ဒေသမှာ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နေတာရှိတယ်။ သူနဲ့နီးစပ်နေတဲ့ ကယားပြည်နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတာရှိတယ်။ မငြိမ်မသက်ဖြစ်နေတယ်ဆိုပေမဲ့ ပင်လောင်းဒေသက တည်ငြိမ်အေးချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုရှိနေတာ အမှန်ပါပဲ။ ပအိုဝ်ဒေသမှာ ပြည်သူ့စစ်အဖွဲ့တွေ၊ PNO အဖွဲ့တွေနဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်။ ဒီမတ်လဆန်းလောက်မှာ တောင်ဘက်မှာရှိတဲ့ KNDF၊ PDF၊ KNPP အဖွဲ့တွေက ပအိုဝ်ဒေသဘက်ကို အနှောက်အယှက်ပြုတိုက်ခိုက်လာတာ တွေ့ရပါတယ်။ ဒီအချိန်မှာပဲ မတ်လ ၁၁ ရက်က ဖြစ်ခဲ့တယ်။ ပင်လောင်းမြို့နယ် နမ့်နိမ့်ရွာပေါ့။ အဲဒီနေရာမှာ KNDF၊ PDF၊ KNPP အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်လာပြီးတော့ ရွာကိုခြိမ်းခြောက်တာတွေ၊ နယ်မြေဒေသကို ခြိမ်းခြောက်တာတွေ ရှိလာတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တပ်မတော်အနေနဲ့လည်း ဒေသခံပြည်သူ့စစ်တွေနဲ့ပူးပေါင်းပြီးတော့ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ပါတယ်။ မတ်လ ၁၁ ရက်နေ့ ၉ နာရီမှာ အဲဒီရွာနားလေးရောက်တဲ့အခါမှာ KNDF၊ PDF၊ KNPP အကြမ်းဖက်အဖွဲ့တွေက တပ်မတော်စစ်ကြောင်းတွေနဲ့ ဒေသခံပြည်သူ့စစ်တွေကို စတင်တိုက်ခိုက်ခဲ့တာရှိတယ်။ ချောင်းမြောင်းပစ်ခတ်တာရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ဒီအဖွဲ့တွေအနေနဲ့က တည်ငြိမ်အေးချမ်းနေတဲ့ ပအိုဝ်ရွာ နမ့်နိမ့်ရွာထဲကိုဝင်တယ်။ ဝင်ပြီးတော့ ပစ်ခတ်ခဲ့တာမျိုးတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအဖွဲ့တွေကို တိုက်ခိုက်ခဲ့ရတာမျိုးရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ အလောင်း၊ လက်နက်တချို့ ရရှိခဲ့တာရှိတယ်။ နေ့လယ် ၃ နာရီလောက်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ဖြစ်စဉ်တစ်ခုလုံးပြောရင်တော့ ဒီပအိုဝ်ဒေသရဲ့ ငြိမ်းချမ်းနေမှုကို ဖျက်ဆီးဖို့ရည်ရွယ်ချက်နဲ့ လာရောက် ဆောင်ရွက်တာဖြစ်တယ်။ တည်ငြိမ်အေးချမ်းနေတဲ့ ပအိုဝ်ဒေသခံတွေ ပအိုဝ်ပြည်သူ့စစ်တွေ၊ ဒေသခံလုံခြုံရေးတွေနဲ့ တပ်မတော်ကြားထဲကို ထင်ယောင်ထင်မှားဖြစ်စေဖို့ လုပ်ဆောင်တာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့က KNDF၊ PDF၊ KNPP အဖွဲ့တွေကိုပဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒီနေရာမှာ ရွာသူရွာသားတွေသေတယ်ဆိုပြီး သတင်းမှားအများကြီးရှိတယ်။ ပြီးရင် သူတို့ဝင်သွားပြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ရွာသူရွာသားတချို့လည်း သေဆုံးရ၊ ထိခိုက်ဒဏ်ရာရ၊ ထွက်ပြေးရတယ်ဆိုတာမျိုးလည်း ရှိတယ်။ ကျွန်တော်ပြောချင်တာကတော့ ပအိုဝ်ဒေသသည် အစဉ်ငြိမ်းချမ်းလာတဲ့ ဒေသဖြစ်တဲ့အတွက် KNDF၊ PDF၊ KNPP အဖွဲ့တွေအနေနဲ့ ပအိုဝ်ဒေသသည် တည်ငြိမ်အေးချမ်းနေတဲ့ဒေသဖြစ်တဲ့အတွက် ဒီတည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးဖို့ အစိုးရနဲ့ တပ်မတော်၊ ဒေသခံပြည်သူလူထုတွေကြားမှာ ထင်ယောင်ထင်မှားဖြစ်စေဖို့ ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျုးလွန်သူတွေက စစ်ရာဇဝတ်မှုကျုးလွန်သူတွေက ဒီလူတွေပဲဖြစ်တယ်(KNDF၊ PDF၊ KNPP) လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ပအိုဝ်ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေခဲ့တဲ့ ဒီ KNDF၊ PDF၊ KNPP အဖွဲ့တွေကို ထပ်မံပြီးတော့ လုံခြုံရေးအရလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ပဲ ပြောချင်ပါတယ်“ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သံဃာသုံးပါးနှင့် လူ ၃၀ သတ်ဖြတ်ခံခဲ့ရသည့် နမ့်နိမ့်ရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် နှစ်ဖက်အကြား အပြန်အလှန် ပြစ်တင်ပြောဆိုနေခဲ့ပြီး အဆိုပါသတ်ဖြတ်မှုဖြစ်စဉ်အပေါ် ပအိုဝ်အဆိုတော် ခွန်နောင်ကမူ ထိုသတ်ဖြတ်မှုကို တော်လှန်ရေးအဖွဲ့များ (KNDF၊ PDF၊ KNPP) က လုပ်ဆောင်သည်ဟု ပြောဆိုသည်က ပိုများကြောင်း Live လွှင့်ရှင်းပြထားသည်ကိုလည်း တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *