October 23, 2024

၁၃. ၃. ၂၀၂၃
Written by Nay Aung

International Journal for Equity in Health ဂျာနယ်သည် ရန်ကုန်မြို့တွင် ပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လေ့လာမှု သုတေသနစစ်တမ်းလုပ်ဆောင်ခဲ့ရာ မြန်မာပြည်သူများသည် ကိုရိုနာဗိုင်းရပ်စ်နှင့် နိုင်ငံရေးပြဿနာများဖြစ်ပေါ်နေချိန်အတွင်း ကျန်းမာရေးနှင့်ပတ်သက်၍ ခံနိုင်ရည်ရှိကြောင်း ပြသနိုင်ခဲ့သည်ဟု ယင်းတို့ပြုလုပ်ခဲ့သော ကျန်းမာရေးသုတေသနစစ်တမ်း လေ့လာတွေ့ရှိချက်တွင် ဖော်ပြခဲ့သည်။

မြန်မာပြည်သူများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း ကျန်းမာရေးစနစ် ကောင်းမွန်မှုမရှိခြင်းကို ရင်ဆိုင်ခဲ့ရသလို နိုင်ငံရေးပြဿနာများဖြစ်ပွားနေချိန်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းများကို တွေ့ကြုံခဲ့ရကြောင်း သိရသည်။ ကျန်းမာရေးသုတေသီတစ်ဦးဖြစ်သော ဒေါက်တာ ကြူကြူသန်းက ရန်ကုန်မြို့သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် နိုင်ငံရေးပဋိပက္ခဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရကြောင်း၊ နိုင်ငံရေးပြဿနာများ ဖြစ်ပွားနေချိန်အတွင်း ကျန်းမာရေးဝန်ဆောင်မှုများ ရာနှုန်းပြည့်လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘဲ ဆိုင်းငံ့ခြင်းများရှိနေခဲ့ကြောင်း ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အောက်ဆီဂျင်လိုအပ်ချက်များအပါအဝင် ဆေးဝါးပစ္စည်းများ၊ အခြားဆေးဝါးပစ္စည်းများ လိုအပ်ချက်များရှိနေခဲ့ပြီး လူနာအများအပြား သေဆုံးမှုများရှိနေခဲ့ကြောင်း အဆိုပါ International Journal for Equity in Health ၏ သုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။

“လေ့လာမှုစစ်တမ်းမှာ ပါဝင်ဖြေဆိုသူအများအပြားဟာ စိတ်ဖိစီးမှုနဲ့ စိန်ခေါ်မှုတွေကို မိသားစုဝင်များရဲ့အကူအညီများနဲ့ ကျော်ဖြတ်ခဲ့ရတယ်။ အရေးပေါ်အချိန်မှာ လူအများစုဟာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ လိုအပ်တဲ့ ဆေးဝါးများအတွက် ဒေသခံလူမူရေးအဖွဲ့စည်းများကို မှီခိုအားထားခဲ့ရတယ်” ဟု Burnet Institute Myanmar ၏ ဒေါက်တာတစ်ဦးဖြစ်သူ ဒေါက်တာ ကြူကြူသန်းက ပြောသည်။

ထို့အပြင် မိသားစု၏ငွေကြေးအခက်အခဲများကြောင့် ပြည်သူအများစုသည် ကျန်းမာရေးစောင့်ရှောက်မှုများ ရယူရန်ကြိုးပမ်းရာတွင် နှောင့်နေးမှုများရှိခဲ့ကြောင်း အဆိုပါ သုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။

“ပြည်သူတွေဟာ လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုများကို အချိန်မီလက်ခံရယူနိုင်ခြင်းမရှိကြဘူး။ အများပြည်သူနဲ့ဆိုင်တဲ့ဆေးရုံတွေ အသုံးပြုလို့ အပြည့်အဝမရနိုင်တဲ့အတွက် အရည်သွေးကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရယူနိုင်ဖို့ ကြိုးပမ်းခဲ့ရတယ်။ ပုဂ္ဂလိကဆေးရုံတွေဟာလည်း ကုန်ကျစရိတ်များတဲ့အတွက် အခက်ခဲတွေဖြစ်ခဲ့ရတယ်” ဟု ဒေါက်တာကြူကြူသန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေချိန်ကာလအတွင်းနှင့် နိုင်ငံရေးပဋိပက္ခများဖြစ်ပွားနေချိန်အတွင်း ဒေသခံအဖွဲ့စည်းများ၊ Volunteers များနှင့် လူမူရေးအဖွဲ့များမှာ အဓိကအရေးကြီးသော အခန်းကဏ္ဍကပါဝင်ခဲ့ကြောင်းလည်း ယင်းသုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။

ref. medicalxpress

Leave a Reply

Your email address will not be published. Required fields are marked *