October 23, 2024

၁၃.၃.၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လေထုညစ်ညမ်းမှု ဆိုးဝါးသည့်အခြေအနေများကြောင့် ၂၀၂၃ ခုနှစ်၊ မတ်လ၏ ပထမသီတင်းပတ်အတွင်းမှာပင် ဆေးရုံတက်ကုသခံခဲ့ရသည့် ပြည်သူ နှစ်သိန်းနီးပါးခန့်ရှိနေကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

ဘန်ကောက်မြိုတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြူများဆိုင်းကာ မှုန်ဝါးဝါးဖြစ်၍ လေထုညစ်ညမ်းမှုအခြေအနေ ဆိုးဝါးနေခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသည်။ ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်၍ လူဦးရေ ၁၁ သန်းခန့်နေထိုင်ရာ ကမ္ဘာပေါ်တွင် ကမ္ဘာလှည့်ခရီးသွားအများဆုံးလာရောက်ရာ မြို့ကြီးတစ်မြို့လည်းဖြစ်သော ဘန်ကောက်မြို့ပေါ်တွင် ရက်အတန်ကြာပင် မော်တော်ယာဉ်မီးခိုးများ၊ စက်ရုံအလုပ်ရုံများမှ မီးခိုးငွေ့များနှင့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများ၌ မီးလောင်မီးရှို့ရာမှ ထွက်လာသော မီးခိုးများစုပေါင်းလျက် အဝါရောင်နှင့် မီးခိုးရောင်ရောယှက်နေသော အခိုးအငွေ့များဖြင့် လွှမ်းဖုံးနေခဲ့သည်။

ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ် စတင်သည်မှစ၍ လေထုညစ်ညမ်းမှုကြောင့် ပြည်သူ ၁ ဒသမ ၃ သန်းခန့် ကျန်းမာရေးထိခိုက်ခဲ့ရကြောင်း၊ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင်မူ ဘန်ကောက်မြို့တစ်ခုတည်း၌ လူနှစ်သိန်းနီးပါးခန့် လေထုညစ်ညမ်းမှုကြောင့် ဆေးရုံတက်ခဲ့ရကြောင်း မတ်လ ပထမရက်သတ္တပတ်အကုန်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ဆရာဝန်များကလည်း ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား တတ်နိုင်သ၍ မိမိအိမ်များအတွင်း၌သာနေထိုင်ကြရန်နှင့် ပြင်ပသွားသူများသည်လည်း လေထုညစ်ညမ်းမှုကာကွယ်သည့် အဆင့်မြင့် N-95 နှာခေါင်းစည်းဝတ်ဆင်သွားကြရန်တိုက်တွန်းခဲ့သည်။
Ref—–AFP

Leave a Reply

Your email address will not be published. Required fields are marked *