October 23, 2024

MT News

Written By Thandar

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အလှအပ‌တွေနဲ့ ခရီးသွားလည်ပတ်နိုင်တဲ့နေရာဒေသတွေကို ကမ္ဘာက သိရှိနိုင်စေဖို့ တစ်ဖက်တစ်လှမ်းက ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ Mrs. Myanmar Tourism Queen International 2023 အလှမယ် Sunset Y က MT News ကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် Mrs. Tourism Queen International 2023 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်မယ့် အိမ်ထောင်ရှင်အလှမယ် Sunset Y ကို သရဖူပေးအပ်ပွဲအခမ်းအနားကိုတော့ မတ် ၉ ရက် နံနက်ပိုင်းက ငွေဆောင်ကမ်းခြေရှိ Ocean Blue Hotel မှာ ကျင်းပခဲ့ပြီး ဒီသရဖူကိုတော့ Mrs. Myanmar Tourism Queen International 2018 အလှမယ် ဟန်နီချိုက သရဖူပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။

“စန်းတို့ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍက ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း တော်တော်ထိုးကျသွားတယ်။ အဲဒီရဲ့ အကျိုးသက်ရောက်မှုက နိုင်ငံစီးပွားရေးကို တော်တော်လေးထိုးကျသွားတယ်။ စန်းကိုယ်တိုင်ကလည်း ဟိုတယ်ပိုင်ရှင်တစ်ဦးဖြစ်သလို သက်ဆိုင်ရာဟိုတယ်လုပ်ငန်းတွေမှာလည်း အထိုက်အလျောက် တာဝန်ယူထားရတဲ့သူ ဖြစ်တဲ့အတွက် စန်းအနေနဲ့ ဘာများ ကူညီပေးလို့ရမလဲ စဉ်းစားလိုက်တဲ့အခါမှာ ငယ်ငယ်က အိပ်မက်ရှိခဲ့ဖူးတဲ့ အလှမယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ရွေးချယ်ခဲ့တာပါ။ ဒီပြိုင်ပွဲက အလှအပတစ်ခုအတွက်ပဲ သွားပြိုင်တာမဟုတ်ဘဲ ပြိုင်ပွဲလည်း ပြိုင်ရင်း ခရီးသွားကဏ္ဍကိုလည်း နိုင်ငံတကာသိအောင်ချပြနိုင်မှာဖြစ်တဲ့အတွက် Mrs. Tourism Queen International 2023 သွားရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရမ်းလှပတဲ့နေရာတွေ အများကြီးရှိတယ်။ တကယ့်သဘာဝကနေ ဖန်တီးပေးတာတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံရဲ့ အလှအပတွေကို ကမ္ဘာကသိအောင် စန်း တတ်နိုင်သလောက် ချပြခဲ့မယ်”လို့ အလှမယ် Sunset Y က‌ ပြောပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် တာဝန်ကြီးပေမယ့်လည်း မြန်မာလူမျိုး‌တွေရဲ့ စိတ်ဓာတ်၊ အရည်အချင်းပိုင်းကို ကမ္ဘာနဲ့ယှဉ်ပါက တန်းတစ်ခုမှာ ရပ်တည်နိုင်တာကို သိရှိစေဖို့ ချပြသွားမယ်လို့ ဆိုပါတယ်။

ဒါအပြင် မြန်မာနိုင်ငံရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နေရာဒေသတွေ လှပတင့်တယ်နေတဲ့ နေရာ‌တွေကိုလည်း နိုင်ငံတကာက သိရှိရင် ခရီးသွားလည်ပတ်မှုတွေများလာပြီး ခရီးသွားကဏ္ဍတစ်စိတ်တစ်ဒေသ ဖွံဖြိုးတိုးတက်လာမယ်လို့ ဆိုပါတယ်။

Mrs. Tourism Queen International 2023 ပြိုင်ပွဲကို လာမယ့် ဧပြီ ၈ ရက်ကနေ ၁၆ ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး ကိုရီးယား၊ အိန္ဒိယ၊ တောင်အာဖရိက၊ ယူကရိန်း၊ ထိုင်ဝမ်အစရှိတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံတကာက အလှမယ်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *