October 23, 2024

MT News

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဆေးခြောက်အဆီဖြင့် ချောကလက်မုန့်ပြုလုပ်ရောင်းချသူအား မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ မတ်လ ၈ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ညတွင် သတင်းထုတ်ပြန်မှုအရ သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၈ ရက် မွန်းလွဲ ၁ နာရီအချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်၊ (၁၆၆) လမ်းမပေါ်တွင် မဆုသက်မွန်(ခ)ပုံ့ပုံ့အား ဆေးခြောက် ၆၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထို့နောက် ၎င်းနေထိုင်သည့် တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ တိုက်(၂၀)ရှိနေအိမ်ကို ဆက်လက်ရှာဖွေရာ ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် ဆေးခြောက် ၂၄၀ ဂရမ်၊ ဖန်ပုလင်းဖြင့်ထည့်လျက် ဆေးခြောက်အဆီ ၆ဝ စီစီ၊ ရေခဲသေတ္တာအတွင်းမှ ဆေးခြောက် အဆီဖြင့်ရောနှောပြုလုပ်ထားသည့် ချောကလက်မုန့် ၁၂၄ ခု၊ ဆေးခြောက်မုန့်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၁၆ ခုနှစ်မှစ၍ ဆေးခြောက်အဆီ ထုတ်သည့်နည်းပညာအား Online မှ စတင်လေ့လာခဲ့ကြောင်း၊ ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ဆေးခြောက်များအား Online ပေါ်မှတစ်ဆင့်ဝယ်ယူပြီး ချောကလက်မုန့်များ အတွင်းသို့ ဆေးခြောက်အဆီများရောနှောပြုလုပ်၍ လူငယ်များအား Online မှတစ်ဆင့် ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် မဆုသက်မွန်(ခ)ပုံပုံ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *