MT News
Written by Hey Mar
မြန်မာ့အခေါက်ရွှေဈေးကွက်မှာ ဈေးတက်ချိန် အဝယ်လိုက်နေပြီး ဈေးကျချိန် ပြန်လည်ထုတ်ရောင်းနေကြသဖြင့် ပြောင်းပြန်အရောင်းအဝယ်ဖြစ်နေပြီး ပြန်ရောင်းချိန်တွင်လည်း ဆိုင်များက အခေါက်ရွှေကိုပင် ပေါက်ဈေးအတိုင်း မပေးဘဲ ကျပ် ၅၀၀၀၀ မှ ကျပ် ၂ သိန်း အထိ ခွာ၍ ပြန်လည်ဝယ်ယူကြသဖြင့် ဝယ်သူနစ်နာနေသည့်စျေးကွက်အသွင် ဖြစ်လာနေကြောင်း ရွှေလုပ်ငန်းရှင်အချို့က သုံးသပ်သည်။
“ဥပမာ ရွှေဈေးက ၂၅ သိန်းနဲ့ တစ်ဆယ်သား တစ်တုံး ဝယ်ထားပြီး ၂၇ သိန်းဈေးမှာ ပြန်ရောင်းမယ်ဆိုရင် ဆိုင်ကြီးတွေ ကိုယ်တိုင်က ငါးသောင်းခွာဝယ်တယ်။ အတက် အကျက အရမ်းကြမ်းနေတော့ ဆိုင်တွေက အနာမခံဘူး။ ဝယ်သူကပဲ နာတာ။ မရှုံးရင်တောင် မြတ်သင့်သလောက် မမြတ်ဘူးပေါ့။ တခြား ဆိုင်အသေးတွေ လုပ်ငန်းရှင် အသေးတွေဆို ၂ သိန်းလောက်အထိကို ခွာကြတယ်” ဟု Pyae စိန်ရွှေရတနာ ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင်က MT News သို့ ပြောကြားသည်။
မြန်မာ့ရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးပေါ်တွင် မူတည်၍ အရောင်းအဝယ်ပြုခြင်းဖြစ်သော်လည်း ယခု ဖြစ်ပေါ်နေသည့်ဈေးကွက်သည် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးကွက်တစ်ခုမဟုတ်ကြောင်း စီးပွားရေးနှင့်ပတ်သတ်၍ ကျွမ်းကျင်ပညာရှင်တချို့ကလဲ ထောက်ပြပြောဆိုနေကြသည်။
မိမိတွင် ရှိထားသည့် ကျပ်ငွေ တန်ဘိုးမကျအောင် ကာကွယ်ချင်ယုံမျှဖြင့် ရွှေဝယ်ယူစုဆောင်းဈေးကစားနေကြခြင်းမှာ လောင်းကစားဆန်သည့် ဈေးကွက်အသွင်ပြောင်းနေပြီး မကြာမီ ပေါက်ကွဲ ပျောက်ပျက်သွားနိုင်သည်ဟု ဆိုသည်။ ၂၀၁၂ခုနှစ်နှင့် ၂၀၁၃ ခုနှစ် ဝန်းကျင်များတွင်လည်း ဒေါ်လာဈေး ကျပ် ၁၀၀၀ ဝန်းကျင်မှ ၁၃၀၀ နှင့် ၁၅၀၀ကြားအထိ မြင့်တက်ခဲ့ဖူးပြီး ထို့နောက်တွင် ကျပ် ၁၁၀၀ ပတ်လည်၌ အစိုးရက ပြန်လည်ထိန်းကျောင်းထားနိုင်ခဲ့သည်။
” အခြေအနေ တစ်ခုရောက်လို့ အပြောင်းအလဲ တစ်ခုကိုပြန်ရောက်သွားရင် အများကြီး နစ်နာနိုင်တာ ဝယ်သူတွေ ဖြစ်မှာ။ အခုဆိုရင် ဆိုင်တွေမှာ ဘာတွေကြုံရလည်းဆိုတော့ ဈေးကွက်မှာ ရွှေက ပေါတယ်။ နိုင်ငံက ရွှေထွက်တဲ့နိုင်ငံမို့ ဈေးကွက်ထဲ ရွှေက ရှိပြီးသားပဲ။ ဝယ်သူက ဈေးတက်ချိန်မှာ လုံးဝ မဝယ်သင့်ဘူး။ တချို့ဆိုင်တွေမှာဆိုရင် ပစ္စည်းပြတ်ပြီဆိုပြီး စရံကြိုပေးရတာတွေအထိ ရှိလာတယ်။ ဝယ်သူကလည်း နောက်ရက်ထပ်တက်မှာစိုးတော့ စရံကြိုချထားတယ်။ အနည်းဆုံး သိန်း ၅၀ ကနေ ၁၀၀ ကြားစရံပေးရတာ။ ဝယ်သူလက်ထဲ ရွှေရတဲ့ အချိန်ကျ ဈေးကျနေပြန်ရော။၂၈ သိန်းနဲ့ စရံချပြီး ၂၇ သိန်းဈေးမှာ လက်ထဲရောက်လာရော။ မယူတော့ဘူးဆိုရင်လည်း စရံအဆုံးမို့ ယူရရော။ အဲဒီလို နစ်နာကြတာ။ ဆိုင်တွေက လုံးဝမနစ်နာဘူး။ မနစ်နာအောင်လည်း အကာအကွယ် လုပ်ထားပြီးသား” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ရွှေဝယ်သူများ လက်ရှိအခြေအနေမှန် သိရှိနိုင်ရေးအတွက် ဝေဖန်ပြောပြသည်။
ပြည်တွင်းရွှေစျေးကွက်တွင် ဩဂုတ်လအတွင်း ကျပ် ၃၈ သိန်းအထိ စျေးနှုန်းမြင့်တက်ခဲ့ချိန်တွင် ဝယ်လိုအားများပြားခဲ့ပြီး ကျပ် ၂၂ သိန်းခွဲအထိ ပြန်လည်ကျဆင်းခဲ့ချိန်ကြားတွင် ရောင်းလိုသူများ များပြားခဲ့သလို ဝယ်ယူသူများလည်း အရှုံးပေါ်မှုများပြားခဲ့သည်။