◾️၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ပြီးဇာတ်ကားများ ယခင်ကတည်းက ချိပ်ပိတ်သိမ်းဆည်းထား
၁၃.၃. ၂၀၂၃
Written By Thandar
မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကို သုံးနှစ်စာချီးမြှင့်တော့မှာဖြစ်ပြီး အနုပညာရှင်အကုန်လုံး ရည်မှန်းထားတဲ့ ဆုက အကယ်ဒမီပါလို့ အကယ်ဒမီများရှင် ရန်အောင်က ဖွင့်ဟလာပါတယ်။
“အနုပညာရှင်အကုန် ရည်မှန်းထားတဲ့ဆုက အကယ်ဒမီပါ။ အကယ်ဒမီပေးပွဲ လုပ်မယ်ဆိုတော့ အကုန်လုံး ပျော်ကြပါတယ်။ စိတ်ညစ်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။အကိုတို့ အကယ်ဒမီပေးပွဲလုပ်ရင် အဆင်သင့်ဖြစ်အောင် ဇာတ်ကားတွေကို စိစစ်ရွေးချယ်နေတာပါ။ အဲဒီလို ရွေးချယ်တဲ့နေရာမှာ အကိုတို့က ၂၀၁၉ တုန်းက ဇာတ်ကားတွေကို အကဲဖြတ်တဲ့အထဲလည်း ပါခဲ့ဖူးတယ်။ ချိပ်ပိတ်ပြီးသား ကားတွေလည်း မဖွင့်သေးဘူး။ ဖွင့်ပြီးမှ ဘယ်သူရမယ် မရဘူးဆိုတာ ပြန်ခွဲရမှာပါ”လို့ အကယ်ဒမီအတွက် အဓိကသရုပ်ဆောင်တွေကို အကဲဖြတ်သူလည်းဖြစ်တဲ့ ရန်အောင်က ပြောပါတယ်။
၂၀၁၉ ခုနှစ်က အကယ်ဒမီဆုအတွက် ရွေးချယ်ပြီးသား ရုပ်ရှင်ဇာတ်ကားတွေကို ချိပ်ပိတ်ပြီး သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ လက်ရှိ ၂၀၂၀ ပြည့်နှစ်က ဇာတ်ကား ၂၁ ကားနဲ့ ၂၀၂၂ ခုနှစ်က ကား၂၀ စုစုပေါင်း ကား ၄၁ ကားကို တစ်ရက်ကို ဇာတ်ကား ၂ ကားနှုန်းကြည့်ရှုအကဲဖြတ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ ပထမဦးဆုံး အကြိမ်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ တစ်ရက်ကို ၂ ကားကြည့်ဖြစ်နေပြီး ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ပြန်ကြည့်ရဦးမယ်လို့ သိရပါတယ်။ ဇာတ်ကားတွေကို အဆင့်ဆင့်ကြည့်ရမှာမို့ လက်ရှိအကယ်ဒမီအကဲဖြတ်အဖွဲ့တွေဖွဲ့ပြီး စကြည့်နေပြီလို့ သိရပါတယ်။
“အကယ်ဒမီပေးပွဲ ဘယ်တော့လဲ အတိအကျမသိရပေမယ့် များမကြာမီဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။ အကိုတို့က အဓိကသရုပ်ဆောင် ကျား၊ မ တွေနဲ့ ဇာတ်ပို့ ကျား၊ မတွေကို စိစစ်အကဲဖြတ်ကြတာပါ။ အကယ်ဒမီအတွက် ဖိအားရယ်လို့ မရှိပါဘူး။ တစ်နှစ်ထက်တစ်နှစ်အောင်မြင်အောင် လုပ်မယ့် ရည်ရွယ်ချက်ပဲ ရှိပါတယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ ချီတက်ပေးကြပါတတယ်။ ပြီးခဲ့တဲ့ နှစ်တွေထက် ပရိသတ်စိတ်ဝင်စားအောင်လုပ်မယ်လို့ စဉ်းစားထားတယ်။ တကယ်ထူးချွန်တဲ့ အနုပညာရှင်ကောင်းတွေကို စိစစ်ရွေးထုတ်မယ်” လို့ သူက ဆက်ပြောပါတယ်။