MT News
Written by Tha Doe
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လှုံ့ဆော်သူများ၊ သတင်းဌာနများအား ထိရောက်စွာအရေးယူလျက်ရှိပြီး ယနေ့တွင်လည်း တရားခံပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်နေသည့် နိရဉ္စရာသတင်းဌာနအယ်ဒီတာချုပ်အား ဆယ်သွယ်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်လှစ်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းအပစ်ရပ်ပြီးနောက်ပိုင်း မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က တို့ဖြင့် ထပ်မံအမှုဖွင့် အရေးယူခြင်းမရှိကြောင်း သိရှိရသည်။ သို့သော်လည်း ကြားပွဲစားများနှင့် အခြားလူလိမ်များမှ ငွေကြေးတောင်းခံခြင်း၊ အဆိုပါပုဒ်မဖြင့် ထပ်မံအမှုဖွင့် အရေးယူနေကြောင်း မဟုတ်မမှန် လိမ်လည်ပြောဆိုခြင်းများ ဆောင်ရွက်လျက်ရှိပြီး ထိုသို့ တွေ့ရှိရပါက ရခိုင်နေ့စဉ်သို့ သတင်းပေးပို့နိုင်ကြောင်း အသိပေးအပ်သည်ဟုလည်း ကြေညာထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မူးယစ်ဆေးဝါး သယ်ယူခြင်း၊ လူကုန်ကူးခြင်း၊ သစ်နှင့် အခြားမှောင်ခိုပစ္စည်းများ သယ်ဆောင်ခြင်းများအား ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးလျက်ရှိပြီး ဂိတ်များတိုးချဲ့လာခြင်းမရှိဘဲ ဂိတ်အချို့ကိုပင် ဖြုတ်သိမ်းဖြေလျော့ပေးခဲ့ကြောင်း သိရသည်။
သို့သော် ယခုရက်ပိုင်းတွင် Narinjara သတင်းဌာန၊ BNA သတင်းဌာနတို့မှ ဂိတ်များ ထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိကြောင်း မဟုတ်မမှန်ချဲ့ကား၍ ရေးသားနေမှုကြောင့် ဒေသခံပြည်သူများမှာ ခရီးသွားရန် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိသည်။
ထိုသို့ သတင်းဌာနများမှ မမှန်မကန်ရေးသားမှု များကြောင့် Narinjara သတင်းဌာနအား ၂၀၂၂ ခုနှစ်၊ မေလနှင့် အောက်တိုဘာလအတွင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)တို့ဖြင့် သတင်းရေးသားသူနှင့် တာဝန်ခံအယ်ဒီတာတို့အား အမှုဖွင့်အရေးယူထားသဖြင့် ၎င်းတို့မှာ တရားခံပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် Narinjara သတင်းဌာနမှ ကုန်းလမ်း၊ ရေလမ်းရှိ ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်များက ငွေကြေးအဓမ္မတောင်းခံနေကြောင်း၊ ကုန်ပစ္စည်းနှင့် မှတ်ပုံတင်များအား မလိုအပ်ဘဲ အသေးစိတ်စစ်ဆေးနေကြောင်း၊ ခရီးသွားလာသူများ အခက်အခဲဖြစ်နေကြောင်း၊ ရခိုင်လူထုကို ဗိုလ်ကျအနိုင်ကျင့်နေကြောင်း ရေးသား ဖော်ပြချက်များသည် ပြည်သူလူထုအား စိုးရိမ်စိတ်များဖြစ်ပေါ်စေပြီး အမုန်းပွားစေနိုင်သဖြင့် Narinjara သတင်းဌာနမှ တာဝန်ခံအယ်ဒီတာချုပ်အား မတ်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။