MT News
Written By Thandar
ကမ္ဘာ့အချောဆုံး အမျိုးသားလို့ အသိအမှတ်ပြုခံရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ “ရင်ထဲကြွေတဲ့ကြယ်”ဇာတ်လမ်းတွဲကို ပထမဦးဆုံး လက်ခံရိုက်ကူးသွားမယ်လို့ သိရပါတယ်။
“ကျွန်တော့်အနေနဲ့ ဒီဇာတ်လမ်းတွဲက ပထမဦးဆုံးလက်ခံ ရိုက်ကူးမယ့် ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ကုမ္ပဏီ CEO နေရာက ဇာတ်လမ်းဖတ်ကြည့်ချိန်မှာ တော်တော့်ကို မလွယ်တဲ့ကာရိုက်တာလို့လည်း သိရတယ်။ စိန်ခေါ်မှုအရမ်းများတဲ့ ကာရိုက်တာဖြစ်လို့ စမ်းလုပ်ကြည့်ချင်တယ်။ ကိုယ်နဲ့ ရှုတင်မှာအမြဲဆုံနေကျ အနုပညာမောင်နှမတွေနဲ့ ရိုက်ရမယ်ဆိုတော့ အရမ်းကိုရင်ခုန်ခဲ့ပါတယ်”လို့ ရိုင်တံခွန်က ပြောပါတယ်။
“ရင်ထဲကြွေတဲ့ကြယ်” ဇာတ်လမ်းတွဲကို CANAL+ ရဲ့ နိုင်ငံတကာအဆင့်မီ အချစ် ဒရမ်မာ ဇာတ်လမ်းတွဲတစ်ခုအဖြစ် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်နဲ့ ဂီတအနုပညာနယ်ပယ်နှစ်ခုကို အခြေခံပြီးရိုက်ကူးမယ့် ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ ကိုယ်ပိုင်ဂီတပါရမီကြောင့် တောက်ပလာတဲ့ အဆိုတော်မလေး ဗီးအဖြစ် ပန်းရောင်ခြယ်၊ လူတွေနဲ့ ခပ်ကင်းကင်းနေတတ်တဲ့ ထက်ကုမ္ပဏီအုပ်စုရဲ့ CEO အဲလက်စ်အဖြစ် ပိုင်တံခွန်၊ ဂီတဖန်တီးရခြင်းကိုသာနှစ်သက်ပြီး အောင်မြင်မှုတန်ဆာပလာတွေ နှစ်ခြိုက်လေ့မရှိတဲ့ Music Producer လင်းလက်အဖြစ် အလင်းရောင်၊ အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့ နာမည်ကြီး လူငယ်မင်းသမီးလေး မေပိုးသော်တာအဖြစ် ပိုးမမှီသာတို့က ပါဝင်သရုပ်ဆောင်ကြမယ်လို့ သိရပါတယ်။