MT News
Written by Thettant
တက္ကစီအငှားယာဥ်မောင်းအား ကားငှားစီးသူလူလေးဦးက ဓားဖြင့်ထိုးကာ ကားလုယက်ယူဆောင်မှု ယမန်နေ့နံနက်က ဖြစ်ပွားခဲ့ကြောင်း လုယက်ခံရသည့်အငှားယာဥ်ပိုင်ရှင်က MT News သို့ပြောသည်။
အဆိုပါဖြစ်စဥ်တွင် Probox အငှားယာဥ် YGN 1H/1922 အား လူလေးဦးက ယမန်နေ့နံနက်က ငှားရမ်းကာ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်အရောက်တွင် ယာဥ်မောင်းအား ဓားဖြင့်ထိုး၍ အငှားယာဥ်ကို လုယက်ယူဆောင်သွားခဲ့သည်။ ဓားထိုးခံရသော ယာဥ်မောင်းမှာ ကနဦးတွင် ဆေးရုံသို့တင်ပို့ခဲ့ရသော်လည်း မစိုးရိမ်ရဒဏ်ရာသာရရှိသဖြင့် လက်ရှိအချိန်တွင်မူ နေအိမ်၌ အနားယူနေကြောင်း သိရသည်။
“ကျွန်တော့်ကားဆရာ သက်သာပါတယ်။ လက်ရှိကတော့ သူအိမ်ပြန်ရောက်နေပါပြီ။ ကားကတော့ လိုက်လံစုံစမ်းနေဆဲပါ။ လုသွားတဲ့သူက လေးယောက်ပါ။ ကုလားစင်လိုလိုတစ်ယောက်၊ ပိန်ပိန်သေးသေးနှစ်ယောက်နဲ့ ဗလတောင့်တောင့်တစ်ယောက်ပါ”ဟု ယာဥ်ပိုင်ရှင်ကိုဇော်ဇော်က ပြောသည်။
အဆိုပါ ဓားထိုးလုယက်ခံရသည့် YGN 1H/1922 ယာဥ်အား တွေ့ရှိပါကလည်း 09-256830167 ၊ 09-5171225 နှင့် 09-5171226 နံပါတ်များသို့ ဆက်သွယ်ပေးပါရန်ယာဥ်ပိုင်ရှင်က ဇော်ဇော်အကောင့်ဖြင့် Facebook တွင် ပို့စ်တင် အကူအညီတောင်းခံထားသည်။