October 22, 2024

KNU စာလုံးမှအပ ကျန်စာများမဖတ်တတ်ခဲ့ဟု ပဒိုစောရောဂျာခင် ပြော

၁၂. ၃. ၂၀၂၃

KNU ပိုင်နက် တပ်မဟာ (၆) ဒူးပလာယာခရိုင်တွင် တရုတ်နှင့်တည်ဆောက်မည့် ကာဆီနိုလောင်းကစားမြို့သစ် မောထိုတလေး မြို့သစ်စီမံကိန်းတွင် ပဒိုစောရောဂျာခင် ပါဝင်ပတ်သတ်မှုအပေါ် ထပ်မံရှင်းလင်းမှုကို KNU က ပဒိုစောရောဂျာခင် (KNU ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်၊ ကာကွယ်ရေးဌာနမှူး)၏ ရုပ်သံနှင့်တကွ ယနေ့ထပ်မံရှင်းလင်းလာသည်။

အဆိုပါမြို့သစ်ကို မြန်မာအစိုးရ(၂၀၂၀ ပြည့်နှစ် NLD အစိုးရလက်ထက်)နှင့် ထိုင်းအစိုးရခွင့်ပြုချက်ရ ကုမ္ပဏီနှစ်ခုဖြင့် ပန္နက်တင်အခမ်းအနားသို့ ပဒိုစောရောဂျာခင်တက်ရောက်ရာ ရေးသားထားသောစာသားများ၌ KNU ဆိုသည့် စာတစ်လုံးသာဖတ်တတ်ကြောင်း ယင်းကဆိုသည်။

“ဗုဒ္ဓဘာသာထုံးစံအတိုင်း ပန္နက်ရိုက်အခမ်းအနား စတင်ကြတဲ့အချိန်မှာ ကျွန်တော်က နောက်ခံစာသားကို ကြည့်လိုက်မိတယ်။ အင်္ဂလိပ်လိုရေးထားတဲ့ KNU စာလုံးကြီးကတော့ ကျွန်တော်ဖတ်တတ်တယ်။ ကျန်တာ တောက်လျှောက်က တရုတ်လိုပဲရေးထားတော့ ကျွန်တော် မဖတ်တတ်တော့ဘူး။ လောင်ချုးခေါ်ပီးမေးတော့ ပြောတုန်းကတော့ မုလအိကုမ္ပဏီနဲ့ Trans Asia ကုမ္ပဏီနှစ်ခုပဲလေ။ ဘယ်လိုဖြစ်ပီးတော့ KNU က ပူးပေါင်းလုပ်ဆောင်တဲ့အထဲပါလာတာလဲ။ ကျွန်တော်ကဆိုင်းဘုတ်ပြောင်းလိုက်ဖို့ပြောတယ်။ သူကပြောင်းပေးမယ်။ ဒါပေမဲ့ ဓာတ်ပုံတော့ရိုက်ပြီးသွားပြီ။ နောက်မှ ဖြုတ်လိုက်တာ။ ဖြစ်စဉ်ကအဲ့လိုဖြစ်ပေါ်လာတာ။ ဖြစ်ပေါ်လာတဲ့ အပေါ်မှာ ကျွန်တော်သွားတာက မြေယာအရောင်းအဝယ်အတွက် ပြည်သူတွေ ရသင့်ရထိုက်တာ ရရဲ့လား။ ကိုက်ညီမှုရှိရဲ့လားဆိုတာကို အသိသက်သေအနေနဲ့ ပန္နက်တင်အခမ်းအနားကို တက်ရောက်ခြင်းဖြစ်တယ်။ အခမ်းအနားပြီးသွားတော့ အစားအသောက်တွေအများကြီးနဲ့ တည်ခင်းဧည့်ခံတာကို မစားတော့ဘဲ ကျွန်တော်ပြန်လာခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ထိခိုက်နစ်နာသွားပြီ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်း ဆောင်တစ်ယောက်အနေနဲ့ နစ်နစ်မှုသွားတာကို ကာကွယ်ရမဲ့တာဝန်ရှိအတွက် EC ကိုချက်ခြင်းခေါပြီး တစ်ဆင့်ချင်း ရှင်းလင်းပြောပြခဲ့တယ်။ ဒီကိစ္စက KNU နဲ့လုံးဝပတ်သက်ဆက်နွယ်မှုမရှိပါဘူး။ KNU က စီးပွားရေးလုပ်ဖို့မဟုတ်ဘူး။ ခုနကနာမည်ပြောထားတဲ့ ကုမ္ပဏီနှစ်ခုကပဲ စီးပွားရေးလုပ်တာဖြစ်တယ်။ ကျွန်တော်တို့ ကုမ္ပဏီတွေကိုခေါ်မေးတယ်။ ကျွန်တော်လည်း Trans Asia ကိုခေါ်ပြီး မေးတယ်။  အဲဒါက ကုမ္ပဏီနှစ်ခုရဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်တယ်။ သူတို့စာချုပ်မှာလည်း မုလအိအလင်းကုမ္ပဏီက မြန်မာအစိုးရဘက်က ရတယ်။ ကုမ္ပဏီအားလုံးက Register လုပ်ဖို့တင်ရတယ်။ နောက်ပြီးတော့ လုပ်ပိုင်ခွင့် နှင့် လုပ်ဆောင့မည့် လုပ်ငန်းတွေ အဲဒီစာအုပ်မှာရှိတယ်။ စီးပွားရေးလုပ်ငန်း (၄၈) မျိုးရှိတယ်။ (၄၈) မျိုးကို တခါတည်းမလုပ်ဖူး။ အစမှာ (၄) ခု၊ (၅) ခုပဲလုပ်မယ်။ ပထမတစ်ခုက စိုက်ပျိုးရေးနှင့် ပတ်သက်သော ပစ္စည်းရောင်းဝယ်ရေး၊ ဒုတိယက ဆောက်လုပ်ရေးနှင့် စပ်ဆိုင်သော ပစ္စည်းရောင်းဝယ်ရေး၊ အခြားတစ်ခုက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အဲဒီလိုမျိုးတွေ လုပ်ကြမယ်။ ကျနော်ကြည့်တာ အဲဒါပြဿနာမဟုတ်ဘူး။ အစိုးရနှစ်ဖက်ရဲ့စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းလုပ်ဆောင်နေကြတာပဲ။ ကျနော်လည်း ပေါ့ပေါ့ပါးပါးပဲနေတယ်။ ပြီးတော့ ကျနော် EC ကိုပြန်တင်ပြတယ်။ အဲဒီလုပ်ငန်းတွေက မိခင်အဖွဲ့အစည်းလုပ်ငန်းကို ဆန့်ကျင်နေတာမဟုတ်ဘူး။ ကျွန်တော်တို့ Counter Statement ချက်ခြင်းထုတ်ဖို့ သဘောထားရှိခဲ့ရင် ထုတ်ပြန်ဖို့ပဲ။ ဒါပေမဲ့ မထုတ်ပြန်ဖြစ်ခဲ့ဘူး။ အဲဒါကကျွန်တော်တို့အားနည်းချက်ဖြစ်သွားတယ်။  အဲဒီတုန်းက ထုတ်ပြန်ခဲ့ရင် ပြီးသွားမယ့်ကိစ္စဖြစ်တယ်” ဟု ပဒိုစောရောဂျာခင်က ရှင်းလင်းသည်။

ထို့အတူ မောထိုသလေးမြို့သစ်အနီးတွင်လည်း ဗိုလ်တင်ဝင်း၏ ကာစီနိုစီမံကိန်းရှိနေပြီး ကာစီနိုမြို့သစ်စီမံကိန်းနှစ်ခုမှာ တစ်ဆက်တည်းဖြစ်နေကြောင်းနှင့် မောထိုသလေးမှာ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင် နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း KNU ၏ ဩဇာသက်ရောက်မှုမရှိဘဲ ၂၀၂၀ ပြည့်နှစ်က အစိုးရတာဝန်ယူခဲ့သည့် NLD အစိုးရဩဇာသက်ရောက်ရာနယ်မြေဖြစ်ကြောင်းလည်း ယင်းကဆိုသည်။

“ကုမ္ပဏီနှစ်ခု ပြည်သူတွေဆီက သိမ်းဆည်းဝယ်ယူတဲ့မြေတွေ ပန္နက်တင်အခမ်းအနားမှာ ကျွန်တော် သွားတယ်။ အဲဒီမြေတွေက စာရွက်စာတမ်းတွေ အပြည့်အစုံရှိတယ်။ ဒါပေမဲ့ KNU ကထုတ်ပေးတဲ့ စာရွက်စာတမ်းတွေတော့မဟုတ်ဘူး။ ကရင်ပြည်နယ်အစိုးရကထုတ်ပေးတဲ့ စာရွက်စာတမ်းတွေဖြစ်တယ်။ နောက်တခုက မောထိုသလေးက တပ်မဟာ (၆)၊ ဒူးပလာယာခရိုင် နယ်မြေအဖြစ် သတ်မှတ်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေး မရောက်ပါဘူး။ မော်ထိုသလေး ကျေးရွာအုပ်ချုပ်ရေးမှုး၊ စခန်းမှုး၊ ကျောင်းတွေကအစ မြန်မာအစိုးရဘက်ကဖြစ်တယ်။ အဲဒါကို ဒူးပလာယာခရိုင်လို့ ပြောရင် ကျွန်တော်တို့ အုပ်ချုပ်ရေး ယန္တယားမရောက်ပါဘူး။ ကျွန်တော်တို့ လုပ်ပိုင်ခွင့်မရှိပါဘူး။ အာဏာပိုင်တွေက မြဝတီမြို့နယ် အုပ်ချုပ်ရေး ဖြစ်တယ်။ ဒီမြေတွေကလည်း ကရင်ပြည်နယ်အစိုးရ ခွင့်ပြုမိန့်နဲ့ မုလအိအလင်းကုမ္ပဏီ ကို လုပ်ပိုင်ခွင့်ပေးထားတဲ့ တရားဝင်မြေနေရာဖြစ်တယ်။  KNU ကမြေပေးလိုက်တာ မဟုတ်ဘူး။ ထွက်ပေါ်နေတဲ့ ကျွန်တော်ပါတယ်ဆိုတဲ့ သတင်းက လုံးဝ မဟုတ်ပါဘူး။ ဒါက KNU အလုပ်လည်းမဟုတ်ဘူး။ KNU အလုပ်က နိုင်ငံရေး၊ တပ်ပိုင်းဆိုင်ရာအရေးတွေ အခြားအရာတွေ ဖြစ်တယ်။ အခုက စီးပွားရေး လုပ်ငန်းဖြစ်တယ်။ (ဥပမာ- အကယ်၍ ကျွန်တော်ဒီလုပ်ငန်းကို လုပ်ချင်ရင် အခုလက်ရှိထမ်းဆောင်နေတဲ့ တာဝန်ကနေ နှုတ်ထွက်ပြီး ကုမ္ပဏီထောင်ပြီး လုပ်ရမှာပေါ့။)ကုမ္ပဏီနှစ်ခု ရဲ့စီးပွားရေးလုပ်ငန်းပဲ။ နောက်တခုက မြို့သစ်တည်မယ့်ကိစ္စ က ကျနော်မသိဘူး။ ကျွန်တော် ရှင်းပြချင်တာက မုလအိအလင်း မန်နေဂျာ ကျွန်တော်တို့ခေါ်တာ လောင်ချုး၊ မှတ်ပုံတင်နာမည်ကတော့ ဝင်းကျော် ပြောတာကတော့ Trans Asia နဲ့ လုပ်ငန်းပူးပေါင်းလုပ်ဆောင်မယ်။ “Huanya” နဲ့ လုပ်မှာမဟုတ်ဘူး။ ကျွန်တော်လည်း “Huanya”ကို မသိဘူး။ Trans Asia က “Huanya”ရဲ့အောက်မှာ ရှိတာလည်း ကျွန်တော်မသိဘူး။ ကျွန်တော်သိခဲ့မယ်ဆိုရင်လည်း အဲအခမ်းအနားကို သွားမတက်ခဲ့ပါဘူး။ အဲဒါကိုပဲ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောပြချင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့မှာ အားနည်းချက်တွေရှိတယ်။ အဲဒီအကြောင်းတွေ ရှာဖွေလေ့လာဖို့ကျွန်တော်တို့မှာလည်း အချိန်မရှိဘူး။ “Huanya” ကိုလည်း မသိဘူး။ ကျွန်တော်သိတာက မုလအိအလင်းကုမ္ပဏီ က Trans Asia နဲ့ ပူးပေါင်း လုပ်ဆောင် မယ်။ Trans Asia က မဲဆောက်ထဲမှာပဲ ရှိတယ်။ ထိုင်းအစိုးရဆီမှ တရားဝင် မှတ်ပုံတင်ထားတယ်။ အဲလောက်ပဲ ကျွန်တော်သိထားတယ်။ Trans Asia နောက်က “Huanya” ဆိုတာလည်း ကျွန်တော် နားလည်းမလည်ဘူး။ သိလည်း မသိဘူး။ အဲဒါကို သိရှိနားလည်အောင် မလုပ်ခဲ့တာက ကျွန်တော်အားနည်းချက်ပါပဲ။ ဒါပေမဲ့ မလိုပါဘူး။ ပြီးတာတွေလည်း ပြီးခဲ့ပြီပဲ” ဟု ပဒိုစောရောဂျာခင်က ရှင်းပြသည်။

#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *