၁၂.၃.၂၀၂၃
Written by Tha Doe၊ Hey Mar
နစက လက်ထက်မှာ ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စတဲ့အခြေပစ္စည်းတွေ စျေးနှုန်းဆွဲတင်ခံရပြီး အဆမတန်စျေးမြင့်တက်လာပါတယ်။ ရွှေနဲ့ ဒေါ်လာငွေကြေးစျေးကွက်ကို ထိန်းကျောင်းခဲ့သလို ကားမှာလည်း လျှပ်စစ်ကားတွေဘက် ပြောင်းလဲဦးတည်နေပေမဲ့ ထိန်းကျောင်းထားမှုမရှိဘဲ လွှတ်ပေးထားသလိုဖြစ်နေတာက အိမ်ခြံမြေကဏ္ဍလို့ ပြောရမှာပါ။
ဒါ့အပြင် ငွေစက္ကူနဲ့ ပတ်သက်ပြီး ဘဏ်တွေ CDM လုပ်ကြတာနဲ့ ဘဏ်ကငွေတွေစုပြုံထုတ်ပြီး လုယက်သူရန်လည်းရှိလို့ လက်ထဲမထားရဲကြတာကြောင့် အကြောက်လွန်သူတွေဟာ အိမ်ခြံမြေတွေကို စုပြုံဝယ်ကြတဲ့အပြင် နစကဘက်က ကျုးအိမ်တွေ ထောင်သောင်းချီဖျက်သိမ်းပစ်လိုက်တာ၊ PDF တွေ ပေါ်ထွက်လာပြီးနောက်မှာ နေရာအနှံ့တိုက်ပွဲတွေဖြစ်လာသလို လက်နက်ကိုင်အဖွဲ့တွေရဲ့ ဓားပြတိုက်၊ ပြန်ပေးဆွဲ၊ လုယက်တာတွေ၊ နှစ်ဖက်တိုက်ပွဲတွေကြားမှာ ရွာတွေမီးလောင်ကုန်တာကြောင့် အိမ်ခြေ ၄၀၀၀၀ လောက်ပျက်စီးတာတွေ စတဲ့ဘက်စုံပယောဂတွေကြောင့်လည်း မြို့ကြီးတွေမှာ ပြောင်းရွှေ့အခြေချနေတာကြောင့် အိမ်ခြံမြေစျေးတွေဟာ နှစ်နှစ်အတွင်းမှာ နှစ်ဆကျော်ခုန်တက်လာပါတယ်။
“နိုင်ငံရေးအခြေအနေနဲ့ ကျုးတွေရှင်းလင်းတာ ပိုပြီးအေးချမ်းတဲ့မြို့ကြီးတွေဆီ နယ်မြို့တွေက ကြွယ်၀သူတွေ ပြောင်းရွှေ့အခြေချလာတာကြောင့် အိမ်ခြံမြေစျေးတွေက ထိန်းမရဖြစ်နေတာ။ အခုဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ဆန်းတုန်းက သိန်း ၃၀၀ ပတ်လည်ပဲရှိတဲ့ တိုက်ခန်းတွေက ၅၀၀ ကျော် ၆၀၀ ဖြစ်လာတယ်။ အရင်တုန်းက ၁၀ ပေ၊ ပေ ၆၀ ကို သိန်း ၁၀၀ ပတ်လည်ပဲရှိတဲ့ အရှေ့ဒဂုံလိုနေရာမျိုးတွေက သိန်း ၂၅၀ ပတ်ခြာလည်။ သာကေတလိုနေရာမျိုးက ၁၀ ပေ၊ ပေ ၆၀ ကို သိန်း ၄၀၀၊ ၅၀၀ ပတ်ခြာလည်ကနေ ၆၀၀ နဲ့ ၈၀၀ ကြားခုန်တက်လာတယ်။ ဒီလိုပဲ အရင်တုန်းက သိန်း ၄၀၀၀၊ ၅၀၀၀ ခေါ်တဲ့ခြံကွက်တွေက တစ်ကွက်ကို သိန်း ၁၀၀၀၀ လောက်အထိ ခုန်တက်လာတာတွေ့ရတယ်။ အခုဆို ကွတ်ခိုင်လိုနေရာမျိုးမှာ နယ်စပ်မြို့ကြီးတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်သားလိုက်စုနေတော့ အိမ်ခြံမြေစျေးတွေက ဖြစ်သင့်တာထက် ပိုမြောက်လာတယ်။ တစ်နိုင်ငံလုံးမတည်ငြိမ်တဲ့နေရာတွေများလေ အခြေအနေထိန်းထားနိုင်ပြီး အေးချမ်းတဲ့မြို့ကြီးတွေက စျေးတက်လေဖြစ်နေတာ။ အခုက စစ်ဘေးစတေးရှောင်နယ်မြို့ကလူတွေ အဝယ်များ၊ အမေးများတာက ရန်ကုန်၊ နေပြည်တော်၊ မန္တလေးပဲ။ အဲဒီနေရာတွေက သာမန်ထက်ပိုပြီး တည်ငြိမ်တာကြောင့်လည်း ပါတယ်။ စျေးတွေကလည်း အဲဒီဘက်တွေ အတက်ဆုံးပဲ။ နေပြည်တော်ဆိုရင် အရင်တုန်းက သိန်း ၃၀၀၊ ၄၀၀ လောက်ပိုက်လာရင် ပေ ၄၀၊ ပေ ၆၀ ကို တိုက်အိမ်ပါတာတောင် ရှာဝယ်လို့ရတဲ့အခြေအနေကနေ အခုဆို သိန်း ၇၀၀၊ ၈၀၀ လောက်ပိုက်လာမှ ရတဲ့အခြေအနေဖြစ်လာတယ်။ စျေးတွေ နှစ်ဆလောက်တက်လာတယ်”လို့ အိမ်ခြံမြေဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လက်ရှိအခြေအနေအနေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အဝင်နည်းနေတယ်ဆိုပေမဲ့ ဝင်လာဖို့စုံစမ်းနေတဲ့သူတွေရှိနေသလို ဒီလိုမျိုးအသံတွေကြောင့်လည်း မိုးထိအောင် တက်နေတဲ့ အိမ်ခြံမြေစျေးက ပိုခုန်တက်လာနေပြီး စက်မှုဇုန်တွေမှာဆိုရင် မြေစျေးတွေတက်လာနေတဲ့အပြင် ဂိုဒေါင်ငှားရမ်းမှုတွေကလည်း ပိုများလာနေတယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ဂိုထောင်အငှားစျေးကွက်ပါ မရှိသလောက်ဖြစ်ခဲ့တဲ့ လှိုင်သာယာစက်မှုဇုန်တွေမှာလည်း ဂိုထောင်အငှားအကျိုးဆောင်ပေးရမှု များပြားနေပြီး ဇုန်မြေစျေးလည်း ပြန်မာလာတယ်လို့ ရှင်းရီမြန်မာ လုံးခြင်း ၊ စက်မှုဇုန်မြေနဲ့ ဂိုထောင် အကျိုးဆောင်ကုမ္ပဏီက ကိုလွင်အောင်က ပြောပါတယ်။
“ ရန်ကုန်မှာ စျေးအမာဆုံးက လှိုင်သာယာ၊ ရွှေပြည်သာနဲ့ အရှေ့ဒဂုံ စက်မှုဇုန် ၊ လှိုင်သာယာက မြေအဝယ်လိုက်တယ်။ တစ်ဧက သိန်း တစ်သောင်း အောက်ထစ် ၊ ရွှေပြည်သာက အဝယ်ပဲလိုချင်တယ် အကွက်ရှားနေပြီ။ အဲ့ဒါကြောင့် အရှေ့ဒဂုံကို အဝယ်သမားတွေ ပိုလိုက်လာတဲ့ သဘောပါ”လို့ ကိုလွင်အောင်က MT News ကို ပြောပါတယ်။
လတ်တလောမှာဆိုရင် ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဝင်ရောက်လာမှု များပြားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လထဲမှာကို အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော် ရှိတယ်လို့ တိုင်းဒေသကြီးအစိုးရရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ဟံသာ၀တီလေဆိပ်ကြောင့် ပဲခူးနဲ့ အမြန်လမ်းတလျှောက်က အိမ်ခြံမြေတွေ အဝယ်လိုက်နေသလို ပဲခူးတိုင်းအတွင်းက စက်ရုံတည်ဆောက်ဖို့ မြေနေရာအခြေအနေကောင်းမွန်တဲ့ ပဲခူး မြို့ရှောင်လမ်းပေါ်က မြေစျေးတွေလည်း တစ်ဧကကို သိန်းထောင်ချီ စျေးမြင့်လာတယ်လို့ စက်မှုဇုန်မြေအကျိုးဆောင်တွေဆီက စုံစမ်းသိရပါတယ်။
“စက်မှုဇုန်တွင်းမြေကိုတော့ ဝယ်သူတွေ စက်ရုံဆောက်ချင်သူတွေ သိပ်မကြိုက်ဘူး။ ပဲခူးစက်မှုဇုန်က ကုန်းမြင့်တွေ များတယ်။ မြေမညီဘူး။ အဲဒီအခါ ဂိုထောင်ဆောက်မယ်ဆိုရင် မြေညှိရ လမ်းပြင်ရတာက အကုန်အကျတစ်ခုလိုဖြစ်နေတော့ မြို့ရှောင်လမ်းဘေးအကွက်တွေကို လုပ်ငန်းလုပ်ချင်သူတွေက ပိုအကြည့်များတယ်။ အဝယ်လိုက်တယ်။ ပဲခူးဇုန်စျေးတွေက တက်နေပေယ့် မြို့ရှောင်လမ်းဘေးစျေးက ပိုမြောက်တယ်။ ၅ ဧက ကွက်တစ်ကွက်ကို လွန်ခဲ့တဲ့ ၃ နှစ်က တစ်ဧက သိန်း ၃၅၀၊ ၄၀၀ ဝန်းကျင်။ အခု ၁၄၀၀ နီးပါးပေါက်တယ်။ ၅ ဧက တစ်ကွက် ၆၅၀၀ နဲ့ ဆိုင်နေတာတောင်ရှိတယ်”လို့ ကိုလွင်အောင်က MT News ကို ဆက်လက်ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တွေ မြေစျေးတွေအရမ်းတက်လာပြီး အငှားတွေလည်း ပြန်မြင့်တက်လာတဲ့ အခြေအနေမှာ ရန်ကုန်မြို့နဲ့ အနီးဆုံး အင်းတကော် စက်မှုဇုန်မြေစျေးနဲ့ ဂိုထောင်အဝယ်တွေကိုလည်း စုံစမ်းမှုပြန်လည်မြင့်တက်လာနေတယ်လို့ ပဲခူးအခြေစိုက် Land and House အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းပိုင်ရှင်က ဆိုပါတယ်။
”အင်းတကော်စက်မှုဇုန်က ၂၀၂၀ လောက်မှာ လမ်းအခြေအနေတွေ စက်ရုံပိုင်ရှင်တွေနဲ့ အမတ်တွေ ပူးပေါင်းခင်းထားတော့ အရင်ကလို ဆိုးရွားမနေတော့ဘူး။ တချို့ဆို ပါမစ်ရလို့ မြေယူပြီး ဂိုထောင်လာဆောက်ထားကြတာ နှစ်ပေါက်နေတာတွေတောင်ရှိတယ်။ ဒါပေမယ့် မနှစ်က နှစ်ဆန်းလောက် ကိုဗစ်တွေ ငြိမ်ကတည်းက အငှားလိုက်နေတာတော့ရှိတယ်။ အဝယ်ရှိပေမယ့် မရောင်းဘဲ ငှားချင်တဲ့ ပိုင်ရှင်က များတယ်”လို့ သူအကျိုးဆောင်ပေးရမှုအခြေအနေတွေကို ရှင်းပြပါတယ်။
ရန်ကုန်တိုင်းအတွင်း စက်မှုဇုန် ၂၉ ဇုန်ရှိပြီး သေချာစွာ ပြန်လည်ဖော်ဆောင်သင့်သလို အဓိကဖြစ်တဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုလည်း ပြည့်မီအောင်ဆောင်ရွက်ပေးမှပဲ အနှေးနဲ့အမြန် တိုင်းပြည်စီးပွားရေး ပြန်လည်ထူမတ်နိုင်မှာဖြစ်ပါတယ်။ အရင် နဝတ၊ နအဖခေတ်အတွင်း စက်မှုမြေယာ အများအပြား ဖော်ဆောင်နိုင်ခဲ့ပေမဲ့လည်း ဇုန်အတွင်းလိုအပ်ချက်တွေဖြစ်တဲ့ အခြေခံအဆောက်အဦတွေကို ပြည့်မီအောင်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။ ဒီမိုကရေစီ အရပ်သားအစိုးရ နှစ်ဆက်မှာလည်း သီလဝါအထူးစီးပွားရေးဇုန်ကလွဲရင် စက်မှုဇုန်အသစ်ထူထောင်နိုင်ခြင်းမရှိခဲ့တဲ့အပြင် ဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေကလည်း လုပ်ကိုင်မယ့်လုပ်ငန်းရှင်ကိုယ်တိုင် မြေရှာခဲ့ရတဲ့ အခြေအနေလည်းဖြစ်ခဲ့ပြီး ရှိပြီးသားစက်မှုဇုန်တွေ လည်ပတ်အောင် ဆောင်ရွက်ရာမှာလည်း မြေလက်ဝါးကြီးအုပ်ထိန်းချုပ်မှုတွေကြောင့် တိုးတက်မှု နှေးကွေးခဲ့တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။
”ဒါတွေ ဖြစ်လာရခြင်းက အဓိကက Informal ဖြစ်တဲ့ အခြေအနေတွေကစတယ်။ မြေကိုင်ထားတယ် ‘မြေဝယ်မကျ’ပေါ့။ မြေဝယ်ထားပြီးရင် ဂိုထောင်ဆောက် ငှားစား။ မဟုတ်လည်းမြေငှားစား၊ တကယ်လုပ်ချင်တဲ့သူက အခက်အခဲ ရှိနေပြီ ။ အနီးစပ်ဆုံး ဗီယက်နမ်တို့ တရုတ်တို့ကို လေ့လာကြည့်။ နိုင်ငံတော်က ချမှတ်ထားတဲ့ စီမံကိန်းတွေကို လုပ်မယ်ဆိုရင် ကြိုက်တဲ့ လုပ်ငန်းရှင်လာ။ မြေကို အလကားပေးတယ်။ အခွန်ကိုလည်း ၁၀ နှစ် ကင်းလွတ်ခွင့်ပေးတယ်။ အရင်ကပေါ့။ ကျွန်တော်လည်း စီးပွားရေးလုပ်ငန်းထဲ ထဲထဲဝင်ဝင် လုပ်ခဲ့တာပဲ။ အခြေအနေကောင်းရင် ပါမစ်ရတယ်။ မြေရရင်လည်း ယူထားတယ်။ ပြီးရင် ပြန်ရောင်းစားတယ်ပေါ့။ အဲဒါတွေက တဖြည်းဖြည်းနဲ့ တကယ်လုပ်မယ့်သူက မရတော့ဘူး။ မလုပ်တဲ့သူ လက်ထဲမှာပစ္စည်းက ရှိနေတယ်။ တိုးတက်ဖို့ဆိုရင် ဒီအခြေအနေကြီးကို ကျွန်တော်တို့ပြန်ပြင်ရတော့မယ်”လို့ စီးပွားရေးပညာရှင် ဦးသက်ဇော်က သူ့အမြင်ကို ပြောပါတယ်။
လက်ရှိအခြေအနေမှာ SAC အစိုးရဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အားထားပြီး MSME တွေတိုးမြှင့်ဖို့ လုပ်ဆောင်နေပေမဲ့ စီးပွားရေးလုပ်ငန်းလုပ်ချင်သူတွေဟာ လုပ်ငန်းစတင်ဖို့ မြေငှားရင်လည်း သိန်းရာချီ၊ မြေဝယ်ရင်လည်း သိန်းထောင်သောင်းချီ စတင်မြှုပ်နှံနေရတဲ့ အခက်အခဲတွေဖြစ်လာနေပါတယ်။ ဒါ့အပြင် လှုပ်ခတ်လာတဲ့မြေစျေးနှုန်းဟာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဆိုတဲ့ အသံကြားတာနဲ့ ချက်ချင်းမာလာတတ်တာကိုလည်း စနစ်တကျ ကိုင်တွယ်ဖြေရှင်းကာ လုပ်သာကိုင်သာအခွင့်အလမ်းတစ်ရပ် ဖန်တီးပေးသင့်တယ်လို့ အငြိမ်းစားဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးမောင်မြင့်က ပြောပါတယ်။
“ကျွန်တော်တို့ တိုင်းပြည်က ဖွံ့ဖြိုးဆဲ အခြေအနေ။ နမူနာတစ်ခု ပြောပြရရင် ဗီယက်နမ် တောင်နဲ့မြောက် ပေါင်းအပြီးမှာ သူတို့လည်း စီးပွားရေးအပိုင်း တုံ့ဆိုင်းနေကြသေးတာပဲ။ တက်မလာသေးဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်စီးပွားရေးပိတ်ဆို့အရေးယူမှုကြောင့်။ ဒါပြုတ်မှ စီးပွားရေးကောင်းလာမှာကို ဗီယက်နမ်ဗိုလ်ချုပ်တွေက တလွဲမာန ဘာထားလဲဆိုတော့ အမေရိကန်တွေဆိုတာ ငါတို့ တိုက်ထုတ်လိုက်လို့ ကြောက်လို့ ပြေးရတာဆိုပြီး ဂရုစိုက်စရာမလိုဘူးလို့ ယူဆတာ။ ဒါပေမယ့် တကယ်တန်းက အမေရိကန်ဒေါ်လာသုံးနေရတာမို့ သူ့မှာစီးပွားရေးသြဇာက အများကြီးရှိနေတယ်။ နောက်ပိုင်းသူတို့လက်ခံလာတော့မှ စီးပွားရေးလမ်းကြောင်းပေါ် တက်လာနိုင်တယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးကို လုပ်ပိုင်ခွင့်တွေ ချပေးလိုက်တယ်။ ပြည်နယ်တွေက တိုးတက်အောင် လုပ်ကြတဲ့အခါ FDI တွေ ဖိတ်ခေါ်တယ်။ ဝင်လာတဲ့အခါမှာလဲ One Stop Service ပေးနိုင်အောင်လုပ်ကြတယ်။ မြေနေရာ ၊ လျှပ်စစ် နောက်ပြီး ဝန်ထမ်းအဆုံး စက်ရှေ့အရောက်ကို အပြိုင်အဆိုင် ၁လအတွင်း ၂ ပတ်အတွင်း ဝန်ဆောင်မှုပေးနိုင်ကြအောင်ကို လုပ်လာကြတာ”လို့ မင်းကင်းမဲဆန္ဒနယ် လွှတ်တော်အမတ်နဲ့ ဝန်ကြီး(ငြိမ်း) ဦးမောင်မြင့်က အာဆီယံဒေသတွင်း နိုင်ငံတွေမှာ ထိုင်းနိုင်ငံပြီးရင် ဒုတိယ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အများဆုံးဖြစ်တဲ့ ဗီယက်နိုင်ငံရဲ့ အခြေအနေနဲ့ ပြည်တွင်းအခြေအနေတွေကို နှိုင်းယှဥ်ပြပါတယ်။
နစကလက်ထက်မှာ အစိုးရအဆက်ဆက်လုပ်ဆောင်နိုင်မှုမရှိတဲ့ ဒေါ်လာအထူးပြုသုံးစွဲတဲ့နိုင်ငံအဖြစ်ကနေ ဒေါ်လာတစ်ခုတည်းကို အားပြုတာမဟုတ်တဲ့ Dedollarrization နိုင်ငံဖြစ်ဖို့ တရုတ် ယွမ်၊ ထိုင်း ဘတ်တွေကို ကုန်သွယ်မှုမှာ တရားဝင်ဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့ပေမဲ့လည်း လူထုကတော့ ဒေါ်လာကိုပဲ ယုံကြည်အားပြုနေပြီး မဖြစ်မနေ ယွမ်၊ ဘတ်အကောင့်ဖွင့်ရမဲ့ ကုန်သွယ်သူတွေကလွဲရင် ဒေါ်လာကိုပဲ ဆက်လက်စုဆောင်းကိုင်တွယ်နေတာကလည်း ဖြေရှင်းရခက်နေပါတယ်။ ဒီလိုမျိုးအခြေအနေကို ထိုင်းနိုင်ငံလိုပဲ ကိုယ့်ပြည်တွင်းမှာ ဘတ်ကလွဲရင် ဘယ်ငွေကြေးမှအသုံးမခံတဲ့အဖြစ်မျိုးရောက်အောင်လုပ်နိုင်မှ ဒေါ်လာတစ်ခုတည်းကို အားပြုသုံးစွဲနေတဲ့အခြေအနေက လွတ်လာပြီး ဒေါ်လာသုံးရမဲ့နေရာ ဒေါ်လာသုံး၊ ဘတ်သုံးရမဲ့နေရာ ဘတ်ငွေသုံး၊ ယွမ်သုံးရမဲ့နေရာ ယွမ်သုံး၊ ကျပ်ငွေပဲသုံးရမဲ့နေရာ ကျပ်ငွေပဲသုံးမှ တိုင်းပြည်ရဲ့ ကျပ်ငွေကလည်း Hard Currency ဖြစ်လာပြီး တန်ဖိုးပြန်တက်တာ၊ ငွေကြေးတည်ငြိမ်တာ ဖြစ်အောင်လုပ်နိုင်မှာပါ။ ဒါပေမဲ့ လက်ရှိကာလလို ပဋိပက္ခကာလမျိုး၊ ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းနေတဲ့ကာလမျိုးမှာ လုပ်နိုင်ဖို့မလွယ်ဘူးလို့လည်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။ နစကအနေနဲ့ ကမ္ဘာ့ဘဏ်တို့၊ IMF တို့က သုံးသပ်သလို စီးပွားရေးတိုးတက်မှုကို ၃ ရာခိုင်နှုန်းလောက် ကျေနပ်မနေဘဲ အရင်အစိုးရတွေတုန်းကလို စီးပွားရေးတိုးတက်မှု ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းပြန်ဖြစ်ဖို့ဆိုရင် အိမ်ခြံမြေစက်မှုဇုန်စျေးတွေ ထိန်းကျောင်းသင့်သလို ကျပ်ငွေတန်ဖိုးပြန်တက်လာပြီး ဒေါ်လာတစ်ခုတည်းကိုပဲ အားပြုသုံးနေရတဲ့နိုင်ငံအဖြစ်က အလုံးစုံလွတ်မြောက်ဖို့လည်း ဦးစားပေးကြိုးပမ်းသင့်တယ်လို့ သူကဆက်လက်ပြောပါတယ်။
“ပြဿနာတွေက နိုင်ငံရေးပြဿနာတွေကနေ စီးပွားရေးအပေါ်ရိုက်ခတ်လာပြီးတော့ အလုံးစုံပျက်သုဉ်းဖို့လုပ်ကြတာ။ လုပ်ငန်းတွေရပ်၊ လုပ်ငန်းတွေထွက်ကုန်အောင်လုပ်ပြီး မြေစျေးတွေပါ ဆွဲတင်လိုက်တာ။ ထိန်းကျောင်းမှုမရှိတာကနေ မြေစျေးတွေအဆမတန် ပြန်တက်လာတာ။ ဒီတော့ အရင်တုန်းကလိုပဲ အဆမတန်မြေစျေးကြောင့် ရင်းနှီးမြုပ်နှံချင်သူလည်း ဝယ်မရ၊ နေစရာရှာသူလည်း မဝယ်နိုင်ဖြစ်ကုန်တာပေါ့။ ပြီးတော့ လက်ရှိမြေစျေးက အချိန်တစ်ခုမှာ သေချာပေါက်ပြန်ကျလာဦးမှာ။ ဒီတော့ အိမ်ဝယ်ချင်သူတွေ၊ ရင်းနှီးမြှုပ်နှံချင်သူတွေက ကိုင်လက်စနဲ့ ဆက်ကိုင်ထားတာမျိုးတွေလည်း ဖြစ်နေတာတွေ့ရတယ်။ ဒီတော့ စီးပွားရေးလည်ပတ်မှုက ပြန်တုံ့ဆိုင်းနေတာပေါ့။ ဒီအချိန်မှာ Risk ယူ မြှုပ်နှံရဲတဲ့ တရုတ်ကို ပြန်မျှော်မလားပေါ့။ သူတို့ကလည်း အိန္ဒိယ၊ ရုရှားနဲ့ ပိုနီးကပ်လာတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ပြန်ဝင်ချင်တဲ့ အရိပ်အခြေတွေ နေရာအနှံ့မှာပြနေတယ်လို့ သတိထားမိတယ်။ ဒါပေမဲ့ မြန်မာလူထုက တရုတ်ဆိုရင် မယုံတာကလည်း ပြဿနာဖြစ်နေတဲ့သဘောပဲ။ ဒါတွေက ချိန်ဆစရာလည်း ဆက်ဖြစ်နေတယ်။ သေချာတာကတော့ လက်ရှိအကျပ်အတည်းက နိုင်ငံရေးပြဿနာကနေ စီးပွားရေးအပါအဝင် ကဏ္ဍစုံပြသနာဖြစ်နေတာ။ ဒါတွေကို ဖြေရှင်းဖို့ လက်ရှိနိုင်ငံရေးအကျပ် အတည်းကို အရင်ဆုံး စ ရှင်းမှရမှာ”လို့ သူ့အမြင်ကို ပြောပါတယ်။
ပုံစာ။ ပဲခူးစက်မှုဇုန်၊ တောင်ဒဂုံစက်မှုဇုန်နှင့် ရန်ကုန်မြို့လယ်မြင်ကွင်း။