October 22, 2024

ဘော်နီယိုကျွန်းအရှေ့ဘက်ကမ်းခြေတွင် တည်ဆောက်သွားရန် အင်ဒိုနီးရှားအစိုးရက အတည်ပြုခဲ့သည့် နိုင်ငံ၏ မြို့တော်သစ် နူဆန်ထရာ၏ စီမံချက်ပုံစံအချို့ကို တွေ့ရစဉ်။

◾️မြို့တော်သစ်ကို နူဆန်ထရာဟု အမည်ပေးထားပြီး လာမည့်နှစ်တွင် ပြောင်းရွှေ့နိုင်ရန် ကြိုးပမ်းနေ

၁၁.၃.၂၀၂၃
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဂျာကာတာမှာ လူနေထူထပ်ပြွတ်သိပ်ကာ မြေငလျင်လှုပ်ခတ်မှုများကြောင့် အန္တရာယ်ဖြစ်လွယ်သည့် အနေအထားတွင်လည်းရှိပြီး ဂျာဗားပင်လယ်အတွင်းသို့လည်း လျင်မြန်စွာနိမ့်ဆင်းနေပြန်သည်ဟု ဆိုကြသည်။ ဤနှုန်းအတိုင်းသာ ပင်လယ်အတွင်းသို့ ဆက်လက်၍ လျင်မြန်စွာနိမ့်ဆင်းနေမည်ဆိုလျှင် ၂၀၅၀ ပြည့်နှစ်တွင် ဂျာကာတာမြို့၏ အနည်းဆုံး သုံးပုံတစ်ပုံခန့်က ရေမျက်နှာပြင်အောက်ရောက်ရှိနိုင်သည်ဟုပင် ပညာရှင်များက ခန့်မှန်းထားကြသည်။ ထို့ကြောင့်လည်း ယခုအခါတွင် အင်ဒိုနီးရှားအစိုးရက နိုင်ငံ၏မြို့တော်အား ဘော်နီယိုကျွန်းသို့ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြပြီဖြစ်သည်။

အင်ဒိုနီးရှားအစိုးရအရာရှိများက မြို့တော်သစ်မှာ သဘာဝအရင်းအမြစ်များ ပြုန်းတီးမှုမရှိစေသော မြို့ကြီးဖြစ်မည်ဖြစ်ကာ ၂၀၄၅ ခုနှစ်တွင် ကာဘွန်ထုတ်လွှတ်မှုမရှိစေရန် ရည်ရွယ်ထားကြောင်း ပြောခဲ့ကြသည်။ သို့သော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင်များကမူ မြို့တော်သစ်က ကြီးမားသောသစ်တောပြုန်းတီးမှုကိုဖြစ်စေပြီး Orangutan ခေါ် လူဝံတစ်မျိုးကဲ့သို့ မျိုးစိတ်များ၏ လူနေမှုကိုလည်း ခြိမ်းခြောက်နေကာ လူမျိုးစုလူ့အဖွဲ့အစည်းများ၏ အိုးအိမ်များကိုလည်း အန္တရာယ်ပေးလာနိုင်ကြောင်း သတိပေးခဲ့ကြသည်။

လက်ရှိနိုင်ငံ၏မြို့တော် ဂျာကာတာမှာ လူဦးရေ ၁၀ သန်းခန့်ရှိနေပြီး ကမ္ဘာပေါ်တွင် ပင်လယ်ရေမျက်နှာပြင်အောက်သို့ နိမ့်ကျနေမှု အလျင်မြန်ဆုံးမြို့ကြီးအဖြစ်လည်း ပညာရှင်များက ဆိုကြသည်။ ဤသို့ဖြစ်ရခြင်းမှာလည်း မြေအောက်ရေများကို ထိန်းချုပ်မှုမရှိ ထုတ်ယူသုံးစွဲနေမှုကြောင့်ဟုဆိုကြပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဂျာဗားပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာနေမှုက ပိုမိုဆိုးဝါးစေခဲ့သည်။

ဂျာကာတာမြို့၏ မြေအောက်ရေနှင့် လေထုတို့ကလည်း အလွန်ညစ်ညမ်းသည့် အခြေအနေတွင်ရှိပြီး မြို့တွင်း၌ အမြဲလိုပင် ရေလွှမ်းမိုးလေ့ရှိကာ လမ်းများမှာလည်း တစ်ဆို့ပိတ်ဆို့နေကြသောကြောင့် ၎င်းတို့ကိုရှင်းလင်းဖယ်ရှားရန် တစ်နှစ်လျှင် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံခန့် အကုန်အကျခံဆောင်ရွက်နေရသည်။

အဆိုပါအချက်များကြောင့် အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ဂျာကာတာမြို့၏ လက်ရှိကြုံတွေ့နေရသော ပြဿနာများကိုဖြေရှင်းနိုင်ရန် မြို့တော်သစ်တည်ဆောက်ရေး မျှော်မှန်းဆောင်ရွက်လာခဲ့ရာတွင် ယခုအခါ ဂျာကာတာမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂,၀၀၀ (၁,၂၄၀ မိုင်)အကွာ ဘော်နီယိုကျွန်းပေါ်တွင် နူဆန်ထရာဟု အမည်ပေးထားသော မြို့တော်သစ်ကို စတင်တည်ဆောက်ရန် စီမံချက်ချခဲ့ခြင်းဟု သိရသည်။

နူဆန်ထရာသည် ရှေးခေတ် ဂျာဗားအသုံးအနှုန်းအရ ‘ကျွန်းစု’ ဟု အဓိပ္ပါယ်ရပြီး ရှေ့ပြေးစီမံချက်အရ ဝန်ထမ်း ၁ ဒသမ ၅ သန်းခန့် မြို့သစ်သို့ပြောင်းရွှေ့ကြရမည်ဖြစ်သည်။ မြို့တော်သစ်ကို သစ်တောမြို့ပုံစံဖြစ်စေရန် တည်ဆောက်သွားမည်ဖြစ်ရာ မြို့၏ ၆၅ ရာခိုင်နှုန်းက သစ်ပင်သစ်တောများ ဖုံးလွှမ်းနေစေရန် အပင်များစိုက်ပျိုးသွားမည်ဟုလည်း သိရသည်။

မြို့တော်သစ် နူဆန်ထရာကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးနေ့၌ ဖွင့်လှစ်သွားနိုင်ရန်မျှော်လင့်ထားသည်။ သို့သော်မြို့တော်သစ်အာဏာပိုင်များက မြို့တော်သစ်တည်ဆောက်မှု၏ နောက်ဆုံးအဆင့်များမှာ ၂၀၄၅ ခုနှစ်မတိုင်မီ ပြီးစီးနိုင်ဖွယ်မရှိဟု ပြောခဲ့ကြသည်။

Ref—– PBS

Leave a Reply

Your email address will not be published. Required fields are marked *