October 23, 2024

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက ရန်ကုန်မြို့တွင် မိုးရွာသွန်းစဥ်မြင်ကွင်းများ (ဓာတ်ပုံ-ရဲကျော်)

၁၁. ၃. ၂၀၂၃
Written by Hey Mar

အရှေ့မြောက်လေစီးကြောင်းအားကောင်းနေသဖြင့် အရှေ့-အရှေ့မြောက်ဘက်မှ ဝင်ရောက်လာနိုင်သည့် တိမ်တိုက်များကြောင့် မတ်လ ၁၃ ရက် ၁၄ ရက်နေ့များတွင် မြန်မာနိုင်ငံဒေသအချို့၌ မိုးထစ်ချုန်းရွာနိုင်ချေရှိကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က MT News သို့ ပြောသည်။

မိုးသက်လေပြင်းကျနိုင်သည့်ဒေသများထဲတွင် အလယ်ပိုင်းဒေသများဖြစ်သော မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ပါဝင်ကြောင်း ဦးဝင်းနိုင်က ပြောသည်။ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ရွှေဘို၊ ဝက်လက်၊ မန္တလေး၊ တံတားဦး၊ မြစ်သား၊ ကျောက်ဆည်၊ နွားထိုးကြီး၊ မြင်းခြံ၊ မြင်းမူ၊ မလှိုင်၊ ဝမ်းတွင်း၊ တောင်သာအပြင် မကွေးတိုင်းအတွင်းမှ ရေစကြိုမြို့နယ်များတွင်လည်း မတ်လ ၁၃ ရက်နေ့ ညနေပိုင်းအချိန်၌ မိုးသက်လေပြင်းကျရောက်နိုင်ပြီး တစ်နာရီ ၁၅ မိုင်နှုန်းမှ ရုတ်တရက် ဆောင့်တိုက်သည့်လေပြင်းမှာလည်း တစ်နာရီမိုင် ၅၀ နီးပါးခန့်အထိ တိုက်နိုင်သည်ကိုတွေ့ရကြောင်း ဦးဝင်းနိုင်က သူ့လေ့လာတွေ့ရှိချက်ကို ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်းကြားမှုဦးစီးဌာန၏ ယနေ့မနက်ပိုင်း ထုတ်ပြန်ကြေညာချက်များအရ မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃)ရက်မှ (၅)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၁)ရက်မှ (၂)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု ထုတ်ပြန်ကြေညာထားသည်။

“ထိုင်းနိုင်ငံဘက်ကနေ ဖြတ်ဝင်လာမဲ့ အရှေ့မြောက်ဘက်က လေဖိအားများရပ်ဝန်းကြီးနဲ့ လေပွေလှိုင်းတွေ ရွေ့လျားဝင်ရောက်လာနိုင်မဲ့အခြေအနေတွေကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေရှိလာနိုင်ပါတယ်။ အရင်ရက်တွေက ခန့်မှန်းချက်တွေအရတော့ ရန်ကုန်နဲ့ ပဲခူးတိုင်းလောက်ပဲ မိုးများနိုင်တာဖြစ်ပေမဲ့ အခုနောက်ဆုံးမိုးလေဝသ ထုတ်ပြန်ချက်တွေအရတော့ သက်ရောက်နိုင်မှုတွေထဲမှာ အလယ်ပိုင်းဒေသတွေပါ ပါဝင်လာတာကို ညွှန်ပြနေတယ်” ဟု မိုးလေဝစောင့်ကြည့် လေ့လာခန့်မှန်းသူ ဦးဝင်းနိုင်က MT News သို့ ပြောသည်။

ထို့ပြင် ဒေသအလိုက် ကောင်းကင်မှ မိုးတိမ်တောင်ကြီးများဖြစ်ပေါ်လာသည့် အခြေအနေကို သတိထားစောင့်ကြည့်ပြီး “စိုက်ဆင်းလေပြင်း”ကျနိုင်သည့် အန္တရာယ်ကို ဂရုစိုက်ကြရန်လည်း ၎င်းက သတိပေးသည်။

“မိုးရွာနိုင်မဲ့အခြေအနေတွေကတော့ လေစီးကြောင်း၊ အပူချိန်၊ ငွေ့ရည်ဖွဲ့အမှတ်တွေဖြစ်ပေါ်တဲ့အပေါ် မူတည်ပြီး နေရာအလိုက် ခေတ္တမျှမိုးသည်းထန်နိုင်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေရှိနိုင်ပါမယ်။ နေ့စဉ်ရရှိနေတဲ့ ကြိုတင်ခန့်မှန်းချက်များပေါ်မူတည်ပြီး Follow up တွေ ကျွန်တော် အချိန်နဲ့တစ်ပြေးညီ ပြောပြပေးသွားပါမယ်”ဟု ဦးဝင်းနိုင်က MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *