October 23, 2024

MT News

Written by Hey Mar

ယနေ့ ည ၉ နာရီဝန်းကျင် အချိန်ခန့်က မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ် ရှိ ကပရမှတ်တိုင်အနီးတွင် လမ်းလျှာက်လာသည့် အမျိုးသားတစ်ဦးအား အဖြူရောင် အိမ်စီးကားတစ်စီးမှ တိုက်ပြေးမှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိကာ သင်္ကန်းကျွန်းစံပြဆေးရုံသို့ တင်ပို့ကုသပေးလျှက်ရှိကြောင်း ကြည့်မြင်တိုင်ဟစ်တိုင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ပြောသည်။

ယာဥ်တိုက်ခံရသူ အမျိုးသားမှာ အသက် ၅၀ အရွယ်ဖြစ်ပြီး သုံးဘီးဘေးတွဲယာဥ် ကယ်ရီမောင်းသူတစ်ဦးဟု သိရသည်။ သုံးဘီးယာဥ်ပျက်သဖြင့် အိမ်တွင်သိမ်းပြီး ဂိတ်သို့ လမ်းလျှောက်ပြန်လာစဥ် ယာဥ်တိုက်ခံရခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိသူအမျိုးသား၏ မိသားစုဝင် ပြောပြချက်ကို ကြည့်မြင်တိုင်ဟစ်တိုင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြန်လည်ပြောပြသည်။

“အတိုက်ခံရတာက လမ်းဘေးရပ်ထားတဲ့ သုံးဘီးဘေးတွဲ တစ်စီးလည်း ပါသေးတယ်။ ဘေးတွဲပေါ်ထိုင်ပြီး ခရီးသည်စောင့်နေတဲ့ ကယ်ရီသမားကတော့ ပွန်းပဲ့ယုံပဲ ဖြစ်တာပါ။ လမ်းလျှောက်ရင်းအတိုက်ခံရတဲ့ လူနာကတော့ ခေါင်းအပြင်းအထန်ထိတယ်။ ကျွန်တော်တို့လည်း သွေးတအားထွက်နေတော့ အရေးပေါ်အခြေအနေလောက်ပဲ ပြုစုပေးပြီး ဆေးရုံကို အသက်မှီရေး အမြန်တင်ပို့ခဲ့တာပါ။ လက်ရှိအချိန်အထိတော့ အနီရောင်အဆင့်ကနေ အရောင်မပြောင်းသေးပါဘူး”ဟု အဆိုပါအသင်းတာဝန်ရှိသူဦးထွန်းမြတ်ညွန့်က ပြောသည်။

မြောက်ဒဂုံမြိုနယ်တွင် ညအချိန် ယာဥ်တိုက်မှု အတော်များများဖြစ်လေ့ဖြစ်ထရှိခဲ့ပြီး တိုက်ပြီးလျှင်မောင်းပြေးသည်ကများကာ ယခုထိ ဖမ်းမမိသေးသည့်ဖြစ်စဥ်များရှိသည်ဟု ရန်ကုန်လူမှုကူညီကယ်ရေးအသင်းအပါအဝင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တချို့မှ ၎င်းတို့ကြုံတွေ့ခဲ့ရသည်ကို မှတ်ချက်ပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *