October 23, 2024

MT News

Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ပြည်ပသို့ သယ်ဆောင်မည့် ငွေကျပ် ၃၀ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်ကို မတ်လ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ ဆီဘောက်ဆာယာဉ်ဖြင့် အိုက်စ် (မက်သ်အဖက်တမင်း)များ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် ကလောမြို့နယ်ဘက်မှ သာစည်မြို့နယ်ဘက်သို့ သိန်းဝင်းဆွေ(ခ)မဲကြီး မောင်းနှင်ပြီး ကျော်ခိုင်ထွေး လိုက်ပါလာသည့် သတင်းရရှိထားသော ဆီဘောက်ဆာ ၈ ဘီးယာဉ်ကို ရှာဖွေရာ ၊ ယာဉ်၏ကိုယ်ထည်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန် သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ် (မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကိုဘုန်း(ခ)ဘုန်းနိုင်ဝင်းအား မတ်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ(၁၂)၊ နေအိမ်တွင် FORD ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းမိခဲ့​သည်။

ယခင်ဖမ်းဆီးရမိခဲ့သည့် အိုက်စ်(မက်သ်အဖက်တမင်း)များမှာ လက်ဖက်ခြောက်အိတ်ခွံအမျိုးမျိုးဖြင့် ထုပ်ပိုးခြင်းဖြစ်ပြီး ယခုဖမ်းဆီးရမိခဲ့သည့် အိုက်စ်(မက်သ်အဖက်တမင်း)များမှာ လက်ဖက်ခြောက်အိတ်ထုပ်ပိုးခွံ အမှတ်တံဆိပ်အသစ်ဖြင့် ထုပ်ပိုးထားကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍ ပြည်ပသို့ ဆက်လက်သယ် ဆောင်မည်ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *