၁၀.၃.၂၀၂၃
Written by Thuta Zaw
တရုတ်နိုင်ငံတွင် ပြုလုပ်မည့် 19th ASIAN Games ပြိုင်ပွဲအတွက် Promotion လုပ်သည့်အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကို ယနေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနထံက သတင်း ရရှိသည်။
19th ASIAN Games ပြိုင်ပွဲကို တရုတ်နိုင်ငံတွင် စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၈ ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဟန်ကျိုး-အာဆီယံအားကစားပြိုင်ပွဲ ကြိုဆိုရေး အပျော်တမ်းအပြေးပြိုင်ပွဲကို ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ စင်ကာပူ၊ လာအို စသည်ဖြင့် နိုင်ငံ ၁၁ နိုင်ငံတွင် ကျင်းပခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ယနေ့ ကျင်းပခဲ့ပြီး ဗီယက်နမ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံ စသည့်နိုင်ငံများတွင်လည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပထမဦးစွာ (၁၃) နှစ်အထက် အမျိုးသား (၁.၄ ကီလိုမီတာ) အပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Peng Fong၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ OCA Media Manager Mr. Zhou Jian၊ Hangzhou Asian Game Organizing Committee member Mr. Ding Jiong တို့က ပြိုင်ပွဲဝင် ကစားသမားများနှင့်အတူ ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့နောက် (၁၃) နှစ်အထက် အမျိုသမီး (၁.၄ ကီလိုမီတာ) အပြေးပြိုင်ပွဲ၊ (၁၃)နှစ်အောက် မီတာ (၄၀၀) အမျိုးသား/ အမျိုး သမီး အပြေးပြိုင်ပွဲနှင့် မီတာ(၁၀၀) မသန်စွမ်း အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲများကို ကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲ ၏ ပြိုင်ပွဲအသီးသီးတွင် ပထမမှ ဒသမအထိ ဆုရရှိသည့်အားကစားသမားများကို ဆုချီးမြှင့်ခဲ့ပြီး အသက်အငယ်ဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည် အသက် ၆ နှစ်အရွယ် မသက်ထားစံကို အထူးဆု ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။