MT News
Written by Tha Doe
မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စျေးရောင်းပွဲတော်ကို ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပနေပြီး သီတင်းကျွတ်လပြည့်ညတွင် မီးရှူးမီးပန်းများ ပစ်ဖောက်ပူဇော်မှုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်အကြို အောက်တိုဘာ ၈ ရက်မှစ၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ အောက်တိုဘာ ၁၀ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့် ပြည်သူ့ရင်ပြင်စျေးရောင်းပွဲတော်တွင် အကျယ် ၁၀ ပေ ပတ်လည်ရှိ ဈေးဆိုင်ခန်းပေါင်း ၁၇၀ ခန်းဖြင့် သီတင်းကျွတ် ဈေးရောင်းပွဲတော်ကို နံနက် ၇ နာရီမှ ည ၁၀ နာရီအထိ ကျင်းပနေပြီး စတိတ်ရှိုးဖျော်ဖြေမှုစင်နှစ်စင်ဖြင့်လည်း ဖျော်ဖြေနေကာ ည ၆ နာရီ ၅၅ မိနစ်မှ စတင်၍ မီးရှူးမီးပန်းများလည်း ပစ်ဖောက်ပူဇော်ခဲ့ကြောင်း သိရသည်။
” မနေ့ကတော့ လူမရှိသလောက်ပဲ။ ဒီနေ့ကတော့ လူတွေများနေတာရော လပြည့်နေ့ဆိုတော့ ကလေးတွေကို မီးရှူးမီးပန်းပြချင်တာရောကြောင့် ထပ်လာပြတာ။ ကျွန်တော့်ကလေးတွေကတော့ နေရာကျယ်ကျယ် လူအများကြီးနဲ့ စတိတ်ရှိုးတွေနဲ့ မီရှူးမီးပန်းတွေ မမြင်ဖူးတာကြာပြီဆိုတော့ အသစ်အဆန်းဖြစ်ပြီး ပျော်ကြတာပေါ့” ဟု စမ်းချောင်းမြို့နယ်နေ ကိုချမ်းက MT News ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။