၉. ၃. ၂၀၂၃
Written by Nyein Kyaw
မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပမည့် Myanmar Women League 2023 အမှတ်ပေး ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ATOM (ယခင် တယ်လီနော) က ကျပ်သိန်း ၁၀၀၀ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကြိုဆိုသည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့ပေးအပ်မှု အခမ်းအနားကို ATOM မြန်မာရုံးချုပ်တွင် မတ်လ ၈ ရက်က ကျင်းပခဲ့ကာ ထောက်ပံ့ငွေများကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လက်ခံရယူခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ATOM က အမျိုးသမီးတွေအတွက် လုပ်ပိုင်ခွင့်နဲ့ တန်းတူအခွင့်အရေးရရှိရေး ကူညီလုပ်ဆောင်ပေးဖို့က အရေးကြီးတယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒီထောက်ပံ့ကူညီမှုအစီအစဉ်တွေက အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်လေးတွေ ဘောလုံးအားကစားလောကမှာ ပိုမိုပါဝင်နိုင်ပြီး သူတို့ရဲ့ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကို ဖော်ထုတ်ခွင့်ရနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ကူညီပေးသွားနိုင်မယ်လို့ ယုံကြည်ပါတယ် ” ဟု ATOM ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်က ပြောသည်။
ATOM ၏ ထောက်ပံ့ကူညီမှုများသည် မြန်မာအမျိုးသမီးဘောလုံးအားကစားကို လူအများစိတ်ဝင်စားမှု ပိုမိုရရှိနိုင်ရန် တိုက်တွန်းအားပေးနေရုံသာမက ထောက်ပံ့ငွေများကို ကစားသမားများ၏ ဘောလုံးကစားစွမ်းရည်မြှင့်တင်နိုင်ရေး လိုအပ်သည့် လေ့ကျင့်မှုများလုပ်ဆောင်ရန်နှင့် အရင်းအမြစ်များရရှိနိုင်ရေးအတွက် ခွဲဝေအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။