၉. ၃. ၂၀၂၃
Written by Nyein Kyaw
ရုံးချုပ်နှင့် CEO ၏ ကားများပေါ်တွင် ခြိမ်းခြောက်စာများ သုံးကြိမ်တိုင်တိုင် ရရှိသောကြောင့် ခရီးသည်များ၊ ဝန်ထမ်းများလုံခြုံရေးအတွက် Yangon Water Bus ပြေးဆွဲခြင်းကို ခေတ္တရပ်နားမည်ဖြစ်ကြောင်း Yangon Water Bus က ယနေ့ မတ်လ ၉ ရက်တွင် ကြေညာထားသည်။
“ပြန်ပြေးဆွဲနိုင်ဖို့က မေလလောက်တော့ မှန်းထားပါတယ်။ ရက်လေး Confirm ဖြစ်လို့ရှိရင် Page မှာ ကြေညာပေးပါ့မယ်။ အကြောင်းအရာကတော့ ကြေညာထားတဲ့အတိုင်းပဲရှင့်။ အသေးစိတ်ကိုတော့ အထက်ကလူတွေ ပြန်ပြီးကြေညာပေးပါလိမ့်မယ်” ဟု Yangon Water Bus မှ တာဝန်ရှိသူတစ်ဦးက MT News ၏ ဆက်သွယ်မေးမြန်းမှုအပေါ် ဖြေဆိုသည်။
Yangon Water Bus နှင့် ပတ်သက်သော ကြေညာချက်အချို့ နိုင်ငံပိုင်သတင်းစာများတွင် ပါရှိခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ဂုဏ်သတင်းညိုးနွမ်းစေရန် ရည်ရွယ်၍ လီဆည်ကြေညာခြင်းသာဖြစ်ကြောင်းကို စမ်းချောင်းမြို့မရဲစခန်းတွင် သက်သေအထောက်အထား ခိုင်လုံစွာရှင်းလင်းထားပြီးဖြစ်ကြောင်း Yangon Water Bus ရပ်နားရခြင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ရှင်းလင်းထားသော်လည်း အမည်အမျိုးမျိုးဖြင့် အကြိမ်ကြိမ်သတင်းစာတွင် အများသိစေရန်ကြောညာချက်များ ထပ်မံထည့်သွင်းခြင်း၊ အမှုဖွင့်ခြင်းများကို ဥပဒေမဲ့စွာလုပ်ဆောင်နေခြင်းအတွက် ၎င်းတို့အား အရေးယူတိုင်ကြားမူများပြုလုပ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် Yangon Water Bus ရုံးချုပ်နှင့် CEO ၏ ကားများပေါ်တွင် ခြိမ်းခြောက်စာများ (မည်သူမည်ဝါမသိရ) သုံးကြိမ်တိုင်ရရှိသောကြောင့် ခရီးသည်များ၊ ဝန်ထမ်းများလုံခြုံရေးအတွက် ခေတ္တရပ်နားထားကြောင်းနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ပြီးပါက Yangon Water Bus ကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးထားသည်။
Yangon Water Bus ပြန်လည်ပြေးဆွဲမှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်က ပြန်လည်စတင်ခဲ့ပြီး ထိုဖွင့်ပွဲသို့ Yangon Water Bus CEO ဒေါ်တင့်တင့်လွင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစတင်ကာ သတင်းစာများတွင် အပြန်အလှန်ကြေညာချက်များ ဖော်ပြလာသကဲ့သို့ အမှုဖွင့်မှုများလည်း ဖြစ်ပွားထားသည်။