October 18, 2024
ရွှေဝယ်ယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဥ်

၈. ၁၀. ၂၀၂၂
Written by Naing Thuta

လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်းဖြင့် မီးလင်းရွှေ ၇ ပိဿာ ၂၀ ကျပ်သားအား အောက်တိုဘာ ၈ ရက် နေ့လည် ၂ နာရီမှ ညနေ ၅ နာရီအထိ၊ ၆၇လမ်း၊ လမ်း ၄၀(A)ထောင့်ရှိ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ဆက်လက်ရောင်းချပေးခဲ့ပြီး အမြတ် အစွန်းရရှိမှုကြောင့် တန်းစီတိုးသူများ ပဋိပက္ခအချို့ရှိခဲ့ကြောင်း သိရသည်။

” မနေ့က ဝယ်ပြီးတဲ့သူတွေ ဒီနေ့ထပ်မရောင်းတော့ဘူး။ အသင်းက တစ်အိမ်ထောင်ကို ရွှေတစ်ပိုင်းနှုန်းနဲ့ အိမ်ထောင်စုတစ်စုကို လူတစ်ဦးသာ ရောင်းချပေးတာပါ။ အစက ၄ ပိဿာကျော်လောက်ပဲရောင်းချပေးမလို့ လာဝယ်တဲ့သူများလို့ ၇ ပိဿာကျော်လောက် ရောင်းချပေးလိုက်တာပါ” ဟု ရွှေလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယနေ့တွင်လည်း အောက်တိုဘာ ၇ ရက်နေ့က ရောင်းချပေးသည့်စျေးနှုန်းအတိုင်း တစ်ကျပ်သားကို ၂၅၄၀၀၀၀ ကျပ်ဖြင့် အိမ်ထောင်စုတစ်စုကို လူတစ်ဦးနှုန်းဖြင့် ပြန်လည်ရောင်းချပေးခဲ့ပြီး ယမန်နေ့က ဝယ်ယူခဲ့သူများအား ယနေ့တွင်ထပ်မံရောင်းချမပေးတော့သည့်အပြင် ယနေ့ဝယ်ယူသူများထဲမှလည်း အိမ်ထောင်စုထဲတွင် မနေ့က ဝယ်ယူသူများပါဝင်ခဲ့လျှင်ရောင်းချမပေးခဲ့ကြောင်းနှင့် ရွှေလာဝယ်သူတစ်ဦးသည် အိမ်ထောင်စုစာရင်း မိတ္ထူတစ်စောင်၊ မှတ်ပုံတင်မူရင်းပါ တစ်ပါတည်းယူဆောင်သွားရပြီး စနစ်တကျစိစစ်ကာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

စတင်ရောင်းချပေးပြီး မကြာခင်အချိန်တွင် လူကျော်တန်းစီသည့်ကိစ္စဖြင့် ရွှေလာဝယ်သူအချင်းချင်း အငြင်းပွားသော ပဋိပက္ခပြသနာများ အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“မနက် ၆ နာရီကတည်းက လာတန်းစီထားတာပါ။ မနေ့ကလို ဖောင်ဖြည့်ပြီး အမည်စာရင်းသွင်းရတာ မဟုတ်တော့ဘဲ ဦးရာလူစနစ်နဲ့ တန်းစီရပါတယ်။ ဒါပေမဲ့ လူတွေက စည်းကမ်းမရှိဘူးဗျာ။ လူကျော်ပြီး ဝင်စီသွားကြတယ်။ အစက တန်းစီတော့ တစ်ယောက်တည်းပဲ။ တကယ်လည်း ရောင်းချပေးရော လေးယောက်လောက်ဖြစ်လာတယ်။ အမှန်ဆို အသင်းအနေနဲ့ တိုကင်ဝေပေးတဲ့စနစ်ကို လုပ်ပေးရမှာ။ အဲဒါမှ လူကျော်တဲ့ပြသနာမဖြစ်တော့ဘဲ အေးအေးဆေးဆေးဝယ်ရောင်းလုပ်လို့ရတာပေါ့” ဟု ရွှေလာဝယ်သူတစ်ဦးက ရင်ဖွင့်ပြောဆိုသည်။

အဆိုပါရောင်းချပေးခဲ့သည့် မီးလင်းရွှေများသည် မန္တလေးမြို့ပေါ်တွင် ရောင်းချပေးနေသော ဆိုင်များ၏ တံဆိပ်မျိုးစုံပါဝင်ခဲ့ပြီး ၎င်းရွှေကို ကြားရွှေဟု သတ်မှတ်ထားကြကာ အကယ်ဒမီတံဆိပ်ပါ ရွှေလောက် အရည်မမှီကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦး၏ပြောကြားချက်အရ သိရသည်။

ယနေ့အသင်းမှ စရောင်းပေးသည့်အချိန်တွင် စျေးကွက်အတွင်း၌ မီးလင်းရွှေ တစ်ကျပ်သားကို ၂၆၁၀၀၀၀ (အရောင်း) ကျပ်ရှိနေကြောင်းနှင့် ညနေအသင်းမှ အရောင်းပိတ်ချိန်တွင် ၂၆၄၀၀၀၀ (အရောင်း) ကျပ်အထိတက်သွားပြီး ပြန်ဝယ်သည့်စျေးနှုန်းမှာ ၂၆၂၀၀၀၀ ကျပ်ဖြင့်သာ ဝယ်ယူသောကြောင့် ပြန်လည်ရောင်းချသည့်အခါတွင် တစ်ကျပ်သားကို ၈ သောင်းဝန်းကျင်လောက်မြတ်သည့်အတွက် ၁၀ သားဆိုလျှင် ၈ သိန်းခန့် အမြတ်ရနိုင်သည်ဟု ရွှေလာဝယ်သူများ၏ ပြောဆိုမှုများအရ သိရသည်။

စတင်ရောင်းချပေးသည့်အချိန်တွင်မူ အသင်းမှ ညနေ ၄ နာရီတွင်အရောင်းပိတ်မည်ဟု ကြေညာခဲ့သော်လည်း ဝယ်ယူသည့်ဦးရေများပြားသောကြောင့် ညနေ ၅ နာရီထိုးသည်အထိ ရောင်းချပေးခဲ့ရကြောင်းနှင့် နောက်ရက်များတွင်လည်း ပြန်ရောင်းပေးမည်၊ မရောင်းပေးသည်ကို အတိအကျပြောဆိုထားမှုတစ်စုံတစ်ရာမရှိသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *