◾️ယနေ့တွင် တောင်ကိုရီးယားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်မည်
၈.၃.၂၀၂၃
Written by Peya
မြန်မာနိုင်ငံ၏ အမျိုးသမီးကြက်တောင်အားကစားမယ် သက်ထားသူဇာက ဂျာမနီတွင် ပြုလုပ်သည့် ကြက်တောင်အားကစားပြိုင်ပွဲ၏ တစ်ဦးချင်းပြိုင်ပွဲတွင် ဟန်ဂေရီနိုင်ငံသူကို အပြတ်အသတ်အနိုင်ရခဲ့ကြောင်း အဆိုပါပြိုင်ပွဲ၏ ဝက်ဘ်ဆိုတ်စာမျက်နှာတွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။
ဂျာမနီနိုင်ငံ၏ မြစ်ပေါ်ကမြို့ဟု ထင်ရှားသည် Mulheim မြို့တွင် မတ်လ ၇ ရက်မှ ၁၂ ရက်အထိ ပြုလုပ်နေသော Yonex German Open 2023 တွင် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး လက်ရည်စစ်ပြိုင်ပွဲအဖြစ် ဟန်ဂေရီ နိုင်ငံသူ Agnes KOROSI နှင့် မတ်လ ၇ ရက်က ယှဉ်ပြိုင်ခဲ့ရာတွင် ၂၁ မှတ် – ၉ မှတ်၊ ၂၁ မှတ် – ၁၉ မှတ်တို့ဖြင့် သက်ထားသူဇာက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါပွဲတွင် သက်ထားသူဇာ အနိုင်ရရှိခဲ့သည့်အတွက် တောင်ကိုရီးယားနိုင်ငံသူ KIM Ga Eun နှင့် ယနေ့ မတ်လ ၈ ရက်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ယခုအဆင့်တွင် အနိုင်ရပါက နောက်တစ်ဆင့်တက်ရမည်ဖြစ်ကာ အဆိုပါ အားကစားပြိုင်ပွဲတွင် အာရှ၊ ဥရောပ အပါအဝင် ကမ္ဘာတဝှမ်းမှ နာမည်ကျော် ကြက်တောင်ကစားသမားများ ပါဝင်ယှဉ်ပြိုင်နေကြ၍ ကမ္ဘာ့ကျော်ကစားသမားများနှင့်ပါ ဆက်လက်ယှဥ်ပြိုင်ရဖွယ်ရှိနေသည်။