၈.၃. ၂၀၂၃
Written by Tha Doe
ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းစျေးတွင် စိန်ရွှေရတနာဆိုင်များ ဖောက်ထွင်းခံရမှု ဆက်တိုက်ဖြစ်ပွားနေပြီး Rose ရတနာဆိုင်အပြင် KMS စိန်ရွှေရတနာဆိုင်ပါ ဖောက်ထွင်းခံခဲ့ရပြီး သိန်းထောင်ချီတန် ကျောက်မျက်ရတနာများ ခိုးယူခံခဲ့ရကြောင်း အဆိုပါ စိန်ရွှေရတနာဆိုင်များမှ သိရသည်။
ရန်ကုန်မြို့လယ်ခေါင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းစျေးရှိ Rose Jewellery ကျောက်စိမ်းရတနာဆိုင် ဖောက်ထွင်းခံခဲ့ရမှုမှာ မတ်လ ၃ ရက်ညက ဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်များမှာ မတ်လ ၄ ရက် နံနက် ၁၀ နာရီခွဲတွင် အခြားဆိုင်နီးချင်းများ ဖုန်းဆက်အသိပေးချိန်မှ သိရှိရကာ သွားရောက်စစ်ဆေးချိန်တွင် တံခါးသော့ကွင်းကို အက်ဆစ်ဖြင့်စားကာ တံခါးဖွင့်သွားခဲ့ပြီး ဆိုင်အတွင်းမှ တန်ဖိုးကြီးကျောက်စိမ်းများကို စိတ်ကြိုက်ရွေးချယ်ခိုးယူသွားသည်ဟုလည်း သိရသည်။
ထို့အတူ KMS- April Nine Diamond Gem & Jewellery မှာလည်း စိန်ရွှေရတနာနှင့် ပုလဲများ ဖောက်ထွင်းခိုးယူခံရမှုဖြစ်ပွားခဲ့ရာ ဆိုင်ပိုင်ရှင်များမှာ ခရီးလွန်နေသဖြင့် ထိုဖောက်ထွင်းခိုးယူခံရမှုကို မတ်လ ၇ ရက်နေ့မှသာ သိရှိရပြီး ထိုနေ့မှသာ အမှုဖွင့်ခဲ့ကြောင်း ဆိုင်ရှင်ဖြစ်သူ ဦးမျိုးဆွေက MT News သို့ မတ်လ ၈ ရက်နံနက်တွင် ပြောသည်။
KMS ရတနာဆိုင်မှာ ဗိုလ်ချုပ်စျေးအနောက် D ရုံတွင်ရှိပြီး တန်ဖိုးကြီးပွင့်ကောက်များ၊ ပုလဲများ၊ လက်စွပ်များ၊ ဗန်းလိုက်ခိုးယူခံရပြီး သိမ်းထားသည့်ရတနာထုပ်များ အထုပ်လိုက်ပါသွားသည့်အပြင် တံခါးသော့ကိုလည်း Rose Jewellery ဖောက်ထွင်းခံရသည့်နည်းတူ အက်ဆစ်ဖြင့်စားကာ ဖောက်ထွင်းခိုးယူသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။
“မနှင်းဆီဆိုင်နဲ့ တစ်ရက်တည်းဖောက်ထွင်းခံရတာပါ။ ကျွန်တော်တို့က ခရီးလွန်နေလို့ ၆ ရက်နေ့ညကျမှ ခရီးက ပြန်ရောက်ပြီး ၇ ရက်နေ့မနက်မှ စျေးကိုရောက်ပြီး အမှုဖွင့်ရတာပါ။ စိန်ဆိုင်ဆိုတော့ ပါသွားတာ မှန်းရခက်ပေမဲ့ ရဲစခန်းမှာတော့ တိုင်ချက်မှာ သိန်း ၁၄၀၀ ဖိုး ဖောက်ထွင်းခိုးယူခံရတယ်လို့ အမှုဖွင့်ထားပါတယ်” ဟု ဦးမျိုးဆွေက ပြောသည်။
Rose Jewellery ဖောက်ထွင်းခံရမှုတွင်လည်း ကျောက်စိမ်းများ သိန်းရာကြီးပိုင်းအထိပါသွားပြီး ဖောက်ထွင်းခံရမှုကို ဆိုင်ရှင်များမှာလည်း ဆိုင်နီးနားချင်းများက ဖုန်းဆက်မှသာ သိရှိအမှုဖွင့်ရခြင်းဖြစ်ပြီး ထိုသို့ ဆိုင်ရှင်များခရီးသွားမည့်အချိန်တွင် ဖောက်ထွင်းမှုကျုးလွန်သူများမှာ ပုံစံတူပြုလုပ်ခြင်းဖြစ်သဖြင့် အတွင်းလူပူးပေါင်းကြံစည်မှုဖြစ်နိုင်ကြောင်းလည်း ဗိုလ်ချုပ်စျေးတွင် ရောင်းချနေသူများက သုံးသပ်ကြသည်။