၈. ၁၀. ၂၀၂၂
Written by Thi Ha
မဂ်လာဒုံမြို့နယ် တပ်မြို့စည်ပင်သာယာ မြေပေါ်တွင် ဆောက်လုပ်ထားသည့် စျေးဆိုင်ခန်းများ ဖျက်သိမ်းမှုအပေါ် နေပြည်တော်မြေတိုင်းရုံးမှ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်မည်ဖြစ်၍ လအနည်းငယ် သို့မဟုတ် ရက်အနည်းငယ် ထပ်မံရွှေ့ဆိုင်းထားကြောင်း စျေးသူစျေးသားတချို့မှ MT News သို့ ပြောကြားချက်အရ သိရသည်။
ယခင် ၂ ပတ်ကြိုတင် ပေးပို့ထားသည့် နို့တစ်စာအရ ယခုလာမည့် အောက်တိုဘာ ၁၃ ရက်၌ အပြီးဖျက်သိမ်းပေးရမည်ဖြစ်သည်။ ထိုသို့ အချိန်အတိုအတွင်း ဖျက်သိမ်းရာတွင် ဆိုင်ခန်းရှင်များအခက်အခဲ ကြုံရသောကြောင့် နေပြည်တော် မြေတိုင်းရုံးသို့ စုပေါင်းလက်မှတ်ထိုး အယူခံတင်ခဲ့ကြပြီးနောက် ထိုသို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရလဒ်ကတော့ မြေတိုင်းရုံးက စစ်ဆေးပေးမယ်ပေါ့။မနေ့က အကြောင်းပြန်လာတော့ ဘူဒိုဇာကြီးလဲ ပြန်သိမ်းသွားတယ်။ အပြင်မှာ သတင်းတွေ ထွက်နေသလို ၆ လအချိန်ပေးတာမျိုး မဟုတ်ပါဘူး။ သူတို့စစ်ဆေးမှုတွေ လုပ်မယ်ဆိုရင် ရက်ပိုင်း ဒါမှမဟုတ် လပိုင်းလောက်နောက်ဆုတ်သွားယုံပါ။ ဖယ်ရမှာက ဖယ်ရမှာပါပဲ။ အချိန်လေး နည်းနည်းပိုရတော့ အလေအလွင့်မရှိ ပြင်ဆင်ချိန်လေး တိုးတာပေါ့ဟု ” လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ဖျက်သိမ်းရမည်ဆိုသောအခါ၊ ဆိုင်ဖြုတ်သည့်အနေနှင့် ကုန်ပစ္စည်းများကို စျေးလျှော့ ရောင်းချရသလို၊ မပြောင်းမရွေ့နိုင်သည့် ပစ္စည်းအချို့ကိုလည်း ရရာစျေးနှင့် ရောင်းကြရသဖြင့် ဆုံးရှုံးမှုများကြသည်။ ထို့ကြောင့် ယခုကဲ့သို့ အချိန်အနည်းငယ် ပိုထွက်လာနိုင်စေရန် ဆိုင်ခန်းရှင်များ ဝိုင်းဝန်းတိုင်ပင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံတပ်စည်ပင်ပိုင်မြေ အမှတ် (၄) ကန်တိုမင်ကွင်း ယခင် ကားဝန်းအဟောင်း အပါအဝင် မြေဧက ၂၃. ၅၄ ဧကအတွင်း ပါဝင်ရောက်ရှိနေသော ဖယ်ရှားခံရမည့် ဆိုင်ခန်းများမှာ စုစုပေါင်း ၉၃ ခန်းရှိပြီး အများစုမှာ အိမ်ဆိုင်သဘောမျိုး နေထိုင်ရောင်းချလျှက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့တွင် မင်္ဂလာဒုံတပ်မြို့စည်ပင်သာယာ ရေးကော်မတီမှ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း ) အက်ဥအဒေ ပုဒ်မ ၃ အရ နို့တစ်စာကို ဖျက်သိမ်းရမည့် ဆိုင်ခန်းပိုင်ရှင်များထံ ပေးပို့ခဲ့ကြောင်းသိရသည်။ နို့တစ်စာတွင် ပေးပို့သည့်ရက်မှ ၁၅ ရက်အတွင်း ဆိုင်ခန်းများ ပြောင်းရွှေ့ဖယ်ရှားပေးရမည်ဖြစ်ပြီး လိုက်နာမှု မရှိပါက အနိုင်အထက်ပြု ဖယ်ရှားမည်ဟုလည်း ပါရှိသည်။
ဖယ်ရှားခံရမည့်နေရာမှ ကုန်မာဆိုင်ပိုင်ရှင်အမျိုးသမီး တစ်ဦးက “နေရာအစားပြန်ပေးမှာမျိုးလဲ မရှိပါဘူး။ ဒီအတိုင်းဖယ်ပေးရမှာပါ။ အရင်ကတော့ ဒီဆိုင်ခန်းတွေအတွက် လစဥ် ဆိုင်ခွန်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ကို ဆောင်ရတယ်။ အခုနောက်ပိုင်းမဆောင်ရတာ ၃ နှစ်လောက် ရှိပြီ။ အခုတော့ ဖျက်ရမယ် စာထွက်လာတာပေါ့ ” ဟု ဆိုသည်။