MT News
၈. ၃. ၂၀၂၃
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးခြင်းများကို ယနေ့မှစတင်ဖြေဆိုနေပြီဖြစ်ပြီး မတ် ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ထုတ်ပြန်ချက်အရ မတ် ၈ ရက်တွင် မြန်မာစာ၊ မတ် ၉ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၁၀ ရက်တွင် သင်္ချာ၊ မတ် ၁၃ ရက်တွင် ဓာတုဗေဒ၊ မတ် ၁၄ ရက်တွင် ရူပဗေဒ၊ မတ် ၁၅ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ ၊ မတ် ၁၆ ရက်တွင် ပထဝီ၊ မတ် ၁၇ ရက်တွင် သမိုင်းနှင့် မတ် ၁၈ ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ ဖြေဆိုရမည်ဖြစ်ပြီး နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြေဆိုရမည် ဖြစ်သည်။
ယခုနှစ်တွင် ဖြေဆိုမည့်သူ ၁၈၀၀၀၀ ကျော်သာရှိသည်ဟု ကနဦးသိရပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုမှာ စနစ်ဟောင်း သင်ရိုးဟောင်း၏ နောက်ဆုံးစာမေးပွဲဖြစ်ကာ ထိုစာမေးပွဲကို တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးထားသူများနှင့် မဖြေဆိုရသူများ ပြန်လည်ဖြေဆိုရန် ကျင်းပပေးခြင်းလည်းဖြစ်သည်။
၂၀၂၁ နွေဦးဖြစ်စဥ် နှစ်နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်သူများကြောင့် ဆရာ၊ ဆရာမ ၇၀ ကျော်နှင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၁၅၀ ကျော် တိုက်ခိုက်သတ်ဖြတ်ခံထားရသဖြင့် လက်ရှိအချိန် စာမေးပွဲဖြေဆိုနေသူများအတွက် လုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
“လုံခြုံရေးတွေ စောင့်ကြပ်ပေးနေပေမဲ့ အသွားအပြန်လမ်းကြောင်းမှာ တိုက်ခိုက်ခံရတာလည်းဖြစ်နိုင်တယ်လေ။ ဒီတော့ ကျောင်းသူ၊ ကျောင်းသား ကလေးတွေလည်း ဘေးကင်းပါစေ။ ဘဝတူလုပ်ဖော်ကိုင်ဘက် ဆရာ၊ ဆရာမတွေလည်းဘေးကင်းပါစေ။ ဆုတောင်းနေရင်း ကျရာတာဝန်ကိုလုပ်နေရတာပဲ။ ကြောက်တော့ကြောက်ပေမဲ့ တာဝန်ကို ရှောင်လွှဲလို့မှမရတာ”ဟု ယနေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲဲများကြီးကြပ်ရန် တာဝန်ကျဆရာမတစ်ဦးက ပြောသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသူကျောင်းသား ၂၈၁၇၅၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၃၂၀၇၇ အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။