အခွန်ကောက်ခံပုံမမှန်ပါက အလယ်လူ လှီးစားဖြတ်စားခံရမည်ဟုလည်း အသိပေး
MT News
လက်နက်ပြအခွန်ကောက်ခံမှု မလိုလားသော်လည်း NUG ထိန်းချုပ်ဧရိယာများတွင် အခွန်ကောက်ခံမည်ဟု NUG ယာယီသမ္မတဒူဝါလရှီးလ ယမန်နေ့ပြုလုပ်သည့် NUG ၏ ၉ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် လက်နက်ကိုင်သူများအနေဖြင့် ယင်းတို့ထိန်းချုပ်ရာဒေသများတွင် လက်နက်ပြကာ ဆက်ကြေးတောင်းအခွန်ဆောင်မှုများလည်း ဖြစ်ပွားနေသည့်အပြင် မြန်မာနိုင်ငံ၏ လမ်းပိုင်းများတွင်လည်း PDF များ LDF များက လက်နက်ကိုင်ဆောင်သည့် ဝါးတားဂိတ်များဖွင့်ကာ ဖြတ်သန်းသွားလာသည့်ယာဥ်များကို ငွေကြေးကောက်ခံမှုများပြုလုပ်နေသည်။
“လောလောဆယ်အားဖြင့် ကျွန်တော်တို့ရဲ့ ထိန်းချုပ်ဧရိယာတွေမှာ ရသင့်ရထိုက်တဲ့ အခွန်ကောက်ခံမှုတွေနဲ့ ပြည်သူလူထုအကျိုးအတွက် ကောက်ခံရမယ့် အခွန်တွေ ရှိနေပါတယ်။ အခွန်ကောက်ခံခြင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ အခြေခံ စံတန်ဖိုးတွေ မလွတ်ကင်းသင့်ပါဘူး။ လက်ရှိတင်ပြမယ့် ၂၀၂၂ ပြည်ထောင်စု အခွန်အကောက်ဥပဒေကလည်း အခု ကျွန်တော်တင်ပြတဲ့ လူမှုတရားမျှတမှုနဲ့ ကြောင်းကျိုးဆီလျော်ခြင်း အခြေခံစံတွေကနေ လွတ်ကင်းနေမယ့် ဥပဒေမဟုတ်ဘူးဆိုတာ ယုံကြည်ထားပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြဋ္ဌာန်းအတည်ပြုမယ့် အခွန်အကောက်ဥပဒေဟာ အခွန်ထမ်းပြည်သူလူထုကို အလွန်အမင်း ဝန်ပိစေတာမျိုး အထူးရှောင်ကြဉ်ရပါလိမ့်မယ်။ ဒါ့အပြင် လူမှုတရားမျှတမှုစံကနေ ကင်းလွတ်တဲ့ အခွန်ကောက်ခံခြင်း နည်းလမ်းတွေကို အထူး ရှောင်ကြဉ်ရပါလိမ့်မယ်။ လက်နက်ပြပြီး အခွန်ကောက်တာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ ဒါဟာ ကျင့်ဝတ် ဖြစ်ပါတယ်။ စံဖြစ်ပါတယ်”ဟု ဒူဝါလရှီးလက ဆိုသည်။
NUG သည် တော်လှန်ရေးအစိုးရဖြစ်၍ တော်လှန်ရေးရန်ပုံငွေ လိုအပ်ချက်လည်း ရှိနေသဖြင့် NUG ထိန်းချုပ်ဧရိယာများတွင် အခွန်ကောက်ခံခြင်းမှာ အင်မတန် အရေးကြီးသည့် ကိစ္စတစ်ခုဟလည်း မြင်သည်ဟု ဒူဝါလရှီးလက ဆိုသည်။ ထို့ပြင် အလယခွန်ကောက်ခံမှုမမှန်ပါက အလယ်ကလူဖြတ်စားလှီးစားသည်ကို ခံရမည်ဟုလည်း လရှီးလက သတိပေးသည်။
“အခွန်အကောက်ဥပဒေနဲ့ပက်သက်ပြီး နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အခွန်ကောက်တဲ့စနစ်မှာ အလေအလွင့် မဖြစ်အောင် အထူးသတိထားရပါမယ်။ အခွန်ကောက်ခံခြင်းစနစ် မမှန်ကန်ရင် လူထုက အခွန်ထမ်းပေမယ့် ကျွန်တော်တို့အစိုးရမှာ ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေပမာဏရမှာ မဟုတ်ပါဘူး။ အလယ်ကလူ ဖြတ်စားလှီးစားလုပ်တာကိုလည်း ခံရနိုင်ပါတယ်။ ဒါ့ကြောင့် ခေတ်မီနိုင်ငံတော်သစ်ကို တည်ထောင်ဖို့ ရည်ရွယ်ကြတဲ့ နိုင်ငံရေးဦးဆောင်သူတွေအနေနဲ့ အခြေခံကအစ စနစ်တကျ ရှိအောင် လုပ်ရပါလိမ့်မယ်။ ပရမ်းပတာဖြစ်တာမျိုး၊ ပြီးစလွယ်လုပ်တာမျိုးကို ကျွန်တော် လုံးဝ ခွင့်မပြုပါဘူး”ဟု ဒူဝါလရှီးလက ဆက်လက်ပြောသည်။