၈. ၁၀. ၂၀၂၂
Written by Tha Doe
ပြည်တွင်းရှိ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်ခွဲများတွင် ပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံးကျပ်ဆယ်ဘီလျံနှင့်အထက်ရှိသော ဘဏ်များကို ဗဟိုဘဏ်က အတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းပေးမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် ၃ ရာခိုင်နှုန်းတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိစာရင်းရှင်အပ်ငွေ (CAB) ဖြင့် ၂.၅ ရာခိုင်နှုန်းနှင့်ဘဏ်များလက်ဝယ်ရှိငွေသား (Cash at Bank) ဖြင့် ၀.၅ ရာခိုင်နှုန်း ထားရှိရန် ရည်ညွှန်းချက်ပါ ညွှန်ကြားချက်အမှတ် (၁၂/၂၀၂၂) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့သည်။
ထို့ပြင် ဗဟိုဘဏ်သည် စီးပွားရေးစနစ်အတွင်းရှိ ငွေကြေးပမာဏကို ပိုမိုတိကျစွာ ခန့်မှန်းတွက်ချက်နိုင်ရန်အတွက်လည်းကောင်း၊ အတိုးနှုန်းဖြေလျှော့ခြင်း (Interest Rate Liberalization) ဆောင်ရွက်နိုင်ရန် ကနဦးအဆင့်ဖြစ်သည့်အတိုးနှုန်းဘောင် (Interest Rate Corridor) စတင်ရန်အတွက်လည်းကောင်း၊ ဘဏ်များလက်ဝယ်ရှိ ပိုလျှံငွေသားများမှ အချို့အား ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ (CAB) တွင် လာရောက်အပ်နှံခြင်းဖြင့် ဘဏ်များသည် အတိုးဝင်ငွေရရှိမည်ဖြစ်ပြီး ပိုမိုလုပ်သာကိုင်သာရှိစေရန်အတွက်လည်းကောင်း၊ ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့် ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်တွင် အတိုးနှုန်းတစ်ရပ်ဖြင့် တွက်ချက်၍ အတိုးငွေပေးသည့်စနစ်တစ်ရပ်ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ဆောင်ရွက်ချက်အရ ပျမ်းမျှပိုလျှံသီးသန့်ငွေ (Average Excess Reserve) အပေါ် အတိုးပေးရာတွင် ပျမ်းမျှ ပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံးကျပ် ၁၀ ဘီလီယံနှင့် အထက်ရှိသော ဘဏ်များကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံးပိုလျှံသီးသန့်ငွေ ပမာဏကျပ် ၅၀ ဘီလီယံထိသာ ခွင့်ပြုမည်ဖြစ်သည်။
အလားတူ ပိုလျှံသီးသန့်ငွေအပေါ် ပေးမည့်အတိုးနှုန်းကို ကနဦးအနေဖြင့် ဘဏ်အချင်းချင်း ဈေးကွက် (O/N) အတိုးနှုန်းအရ ၃.၅% သတ်မှတ်မည် ဖြစ်သည်။ ယင်းအပြင် ဗဟိုဘဏ်သည် အတိုးပေးမည့် အနည်းဆုံးနှင့်အများဆုံး ပိုလျှံသီးသန့်ငွေပမာဏဘောင်သတ်မှတ်ချက်နှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးမည့် အတိုးနှုန်းကို အခါအားလျော်စွာသုံးသပ်၍ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရန် ပြောင်းလဲပြင်ဆင်ခြင်း၊ တိုးခြင်း/လျော့ခြင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
အတိုးငွေကို တွက်ချက်ရာတွင် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလ အလိုက်နောက်ဆုံးနေ့ရှိ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် တွက်ချက်မည်ဖြစ်ပြီး ထိန်းသိမ်းမှုကာလ နောက်ဆုံးနေ့ရက်၏ T+2. ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ သက်ဆိုင်ရာဘဏ်၏ စာရင်းသို့အလိုအလျာက် ထည့်သွင်းပေးမည်ဖြစ်သည်။ ထိုသို့ ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းကို (၁၂.၁၀.၂၀၂၂ – ၈.၁၁.၂၀၂၂) ထိန်းသိမ်းမှု ကာလမှ စတင်ကျင့်သုံးသွားမည်ဖြစ်ပြီး ပိုလျှံသီးသန့်ငွေပေါ်တွင်အတိုးပေးခြင်းကို မြန်မာကျပ်ငွေဖြင့် လက်လီဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ (Retail Banking) ခွင့်ပြုထားသည့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များနှင့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များအား တပြေးညီဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။