◾️ ပျောက်ဆုံးနေသူ ၃ ဦးကို စုပေါင်းအဖွဲ့ဖြင့် ဆက်လက်ရှာဖွေနေ
၇.၃.၂၀၂၃
Written by Peya
ရေနံချောင်းမြို့နယ်၊ ညောင်လှချောင်းသာတွင် အသက် ၄ နှစ်နှင့် ၁၅ နှစ်အကြား အသက်မပြည့်သေးသည့်ကလေးငယ် ၄ ဦး ရေနစ်ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်မှ အသက် ၅ နှစ်အရွယ် ကလေးငယ်၏ အလောင်းကို ပြန်တွေ့ ရပြီဖြစ်ကာ ပျောက်ဆုံးနေသူများကို စုပေါင်းအဖွဲ့ဖြင့် ဆက်လက်ရှာဖွေနေကြကြောင်း ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။
အသက် ၄ နှစ်နှင့် အသက် ၁၅ နှစ်ကြား အသက်မပြည့်သေးသည့် ကလေးငယ် ၄ ဦးသည် မတ်လ ၆ ရက် ညနေပိုင်းက ရေတိမ်ပိုင်းကတစ်ဆင့် တစ်ဖက်ကမ်းသို့ သွားရာတွင် ရေနက်သည့် နေရာကို မသိဘဲ သွားရောက်ရာမှ ရေအောက်သို့ မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ယောကျာ်းလေးတစ်ယောက်က ပြန်တွေ့ပြီ။ ကျန်တဲ့ကလေးတွေကတော့ ကျန်နေပါသေးတယ်။ ရေအနက် ပေလေးဆယ်မှာ ဒီနေ့မနက် ၁၁ နာရီလောက်က ပြန်တွေ့တာပါ။ သူတို့က ဟိုဘက်ကမ်း ဟိုဘက်ကမ်း ကူးရင်းတန်းလန်းကနေ ရေနစ်တဲ့နေရာကို ရောက်ပြီးတော့ နစ်သွားတာလို့ ပြောပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ကလေးငယ်များ မြုပ်ခဲ့သည့် နေရာမှာ ရေအောက်တွင် ချောက်ဖြစ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ဒေသခံတွေကော မီးသတ်တွေကော လူမှုကူညီရေးအဖွဲ့တွေကော ပူးပေါင်းဆောင်ရွက်နေတာပါ။ ရေငုပ်တာကတော့ ကျွန်တော်တို ရောင်စုံမေတ္တာက ငုပ်နေပါတယ်။ မြုပ်တဲ့ နေရာရဲ့ ပေ ၄၀၊ ၅၀ လောက် အကွာကနေ ပြန်တွေ့တာပါ” ဟု ၎င်းက ဆိုသည်။