October 23, 2024

◾️ ကမ္ဘာ့နိုင်ငံ ၁၉၉ ခုအနက် IQ အကောင်းဆုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၅၂ ရရှိဟု အမေရိကန်အခြေစိုက် WPR စစ်တမ်း၌ ဖော်ပြ

၇. ၃. ၂၀၂၃
Written by Nay Aung

အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအနက် မြန်မာနိုင်ငံသည် IQ အကောင်းဆုံးနိုင်ငံများထဲတွင် ထိပ်ဆုံးသုံးနိုင်ငံစာရင်းထဲ၌ ရပ်တည်နေကြောင်း၂၀၂၃ ခုနှစ်အတွက် သုံးသပ်ထုတ်ပြန်သော World Population Review ၏ ဖော်ပြချက်အရ သိရသည်။

အမေရိကန်အခြေစိုက် အဆိုပါအဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံ၊ ဒေသပေါင်း ၁၉၉ ကို လေ့လာသုံးသပ်ပြီးနောက် ၂၀၂၃ ခုနှစ်အတွက် ဘာသာရပ်ဆိုင်ရာ အတတ်ပညာဆိုင်ရာများကို လေ့လာသင်ယူကျွမ်းကျင်မှုဆိုင်ရာ IQ (Intelligence Quotient) အကောင်းဆုံးနိုင်ငံများစာရင်းကို သတ်မှတ်ဖော်ပြခဲ့ရာ မြန်မာနိုင်ငံက ကမ္ဘာအဆင့်တွင် အဆင့် ၅၂ နေရာရပ်တည်ပြီး အရှေ့တောင်အာရှနိုင်ငံများထဲတွင် အဆင့် ၃ နေရာ ရပ်တည်နေကြောင်း သိရသည်။

လူဦးရေ ၅၄ သန်းကျော်ရှိနေသော မြန်မာနိုင်ငံရှိ လူအများ၏ ပျှမ်းမျှ IQ နှုန်းသည် ၉၁ ဒသမ ၁၈ ရှိနေပြီး အရှေ့တောင်အာရှနိုင်ငံများထဲတွင် စင်ကာပူနှင့် ကမ္ဘောဒီးယားနိုင်ငံနောက်တွင်ရှိနေကြောင်း သိရသည်။ World Population Review ၏ အဆိုအရ စင်ကာပူနိုင်ငံသားများ၏ IQ နှုန်းသည် ၁၀၅ ဒသမ ၈၉ ရှိပြီးကမ္ဘာအဆင့်တွင် အဆင့် ၃ နေရာ ရပ်တည်နေသလို အရှေ့တောင်အာရှနိုင်ငံများထဲတွင် အဆင့် ၁ နေရာရပ်တည်နေကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသားများ၏ IQ နှုန်းသည် ၉၉ ဒသမ ၇၅ ရှိပြီး အရှေ့တောင်အာရှနိုင်ငံများအနက် IQ အကောင်းဆုံးထိပ်ဆုံးနိုင်ငံများထဲတွင် ဒုတိယနေရာတွင်ရပ်တည်နေကြောင်း World Population Review ကဆိုသည်။

ဖိလစ်ပိုင်၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံတို၏ IQ နှုန်းသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အောက်ဆုံးနေရာတွင်ရှိနေကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသားများ၏ IQ နှုန်းက ၇၈ ဒသမ ၄၉၊ လာအိုနိုင်ငံများ၏ IQ နှုန်းက ၈၀ ဒသမ ၉၉၊ ဖိလစ်ပိုင်နိုင်ငံသားများ၏ IQ နှုန်းက ၈၁ ဒသမ ၆၄ သာရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသားများ၏ IQ နှုန်းက ၈၈ ဒသမ ၈၇၊ ဘင်္ဂလားဒေရှ့နိုင်ငံသားများ၏ IQ နှုန်းက ၇၄ ဒသမ ၃၃ သာ ရှိနေကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသားများ၏ IQ နှုန်းက ၁၀၄ ဒသမ ၁ ရာခိုင်နှုန်းတွင်ရှိနေပြီး ကမ္ဘာနိုင်ငံပေါင်း ၁၉၉ နိုင်ငံအနက် ထိပ်ဆုံးအဆင့် ၅ တွင် ရပ်တည်ကြောင်းသိရသည်။

ကမ္ဘာထိပ်သီးနိုင်ငံတစ်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသားများ၏ IQ နှုန်းကမူ မြန်မာနိုင်ငံထက်ပင် များစွာလျော့နည်းနေပြီး ၇၆ ဒသမ ၂၄ သာရှိနေကာ ကမ္ဘာအဆင့်တွင် ၁၄၃ ၌ရပ်တည်နေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အိမ်နီးချင်းနိုင်ငံများထဲ၌ တရုတ်နိုင်ငံပြီးလျှင် IQ နှုန်း ဒုတိယအကောင်းဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေကြောင်း သိရသည်။

ref -worldpopulationreview

Leave a Reply

Your email address will not be published. Required fields are marked *