October 23, 2024

အသက်ရှင်လျက်ကယ်ဆယ်ခဲ့သူတစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်က မြန်မာနိုင်ငံ ပြန်လည်ပို့ပေးနိုင်ခဲ့

MT News

Written by Thettant

ဂျပန် Nagasaki ပင်လယ်ပြင်တွင် ဇန်နဝါရီ ၂၅ ရက်က မြန်မာသင်္ဘောသားရှစ်ဦးပါသင်္ဘော နစ်မြုပ်ရာမှ နှစ်ဦးသေဆုံးသည့်အပြင် ပျောက်ဆုံးနေသူငါးဦးကို ဝေဟင်မှ ဆက်လက်ရှာဖွေနေပြီး အသက်ရှင်လျက်ကယ်ဆယ်ခဲ့သူတစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်က မြန်မာနိုင်ငံ ပြန်လည်ပို့ပေးနိုင်ခဲ့သည်ဟု ယနေ့တွင် ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးထားသည်။

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ Nagasaki ကမ်းလွန်ပင်လယ်ပြင်တွင် ယခုနှစ် ဇန်နဝါရီ ၂၅ ရက် နေ့ နံနက် ၂ နာရီခွဲအချိန်က တရုတ်သင်္ဘောသား ၁၄ ဦးနှင့် မြန်မာသင်္ဘောသား ၈ ဦးပါရှိသည့် Jin Tian နိုင်ငံခြားကုန်တင်သင်္ဘောတစ်စီးနစ်မြုပ်ခဲ့မှုနှင့်ပတ်သက်၍ မြန်မာသံရုံး၊ တိုကျိုမြို့က ကူညီပေးနေမှုများအား ပြုလုပ်ခဲ့သည်။

အဆိုပါသင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံသား(၈) ဦးအနက် (၃) ဦးအား ဂျပန်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့သည်။ ရှာဖွေတွေ့ရှိသူ (၃)ဦး အနက် (၂)ဦးမှာ အသက်ဆုံးရှုံးခဲ့ပြီး အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည့် ဦးဇေယျာမင်းအား လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ၊ ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ချောမောစွာ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အသက်ဆုံးရှုံးခဲ့သည့် ဦးဖြိုးမင်းဟိန်းနှင့် ဦးဇေယျာငြိမ်းတို့ကို ၎င်းတို့၏ မိသားစုဆန္ဒအရ ဂျပန်နိုင်ငံတွင် မီးသဂြိုလ်နိုင်ရန်အတွက် မြန်မာသံရုံးမှ သင်္ဘောအေးဂျင့်နှင့်ညှိနှိုင်း၍ ဆက်လက် ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ၎င်းတို့အနက်မှ (၁)ဦးသည် ရှာဖွေတွေ့ရှိစဉ်က အသက်ရှင်လျက်ရှိနေပြီး ဂျပန်နိုင်ငံ၏ နယ်နိမိတ်ထဲရောက်ရှိမှသာ ကွယ်လွန်ခဲ့သည့်အတွက် ဂျပန်နိုင်ငံတွင် မီးသဂြိုလ်ရန် အခက်အခဲမရှိသော်လည်း ကျန်(၁)ဦးသည် နိုင်ငံတကာရေပိုင်နက်ထဲတွင် ရှာဖွေ တွေ့ရှိစဉ်ကတည်းက ကွယ်လွန်ခဲ့ခြင်းဖြစ်သည့်အတွက် ဂျပန်နိုင်ငံ၏ ဥပဒေအရ မီးသဂြိုလ်ရန် ဒေသအာဏာပိုင်များက ခွင့်မပြုကြောင်း ပြန်ကြားလာခဲ့သည်။

ဂျပန်နိုင်ငံ၏ ဥပဒေအရ ဂျပန်နိုင်ငံ၊ နယ်နမိတ်ပြင်ပတွင် ကွယ်လွန်သူကို ဂျပန်နိုင်ငံတွင် မီးသဂြိုလ်ခွင့်မပြုသော်လည်း မြန်မာနိုင်ငံသားသင်္ဘောသား(၂) ဦးအား ၎င်းတို့ မိသားစုများ၏ ဆန္ဒအရ ဆောလျင်စွာသဂြိုလ်ခွင့်ရရှိရေးအတွက် မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့နှင့် လူသားချင်း စာနာထောက်ထားမှုရှုထောင့်မှ ချင့်ချိန်၍ခွင့်ပြုပေးရန် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် မီးသဂြိုလ်ခွင့်ပြုချက်ရရှိခဲ့သည်။

ခွင့်ပြုချက်ရရှိပြီးနောက် မြန်မာသံရုံး၊ တိုကျိုမြို့မှ ကောင်စစ်ဆိုင်ရာ အရာထမ်း(၁)ဦးအား ဖူကုအိုကာပြည်နယ်၊ Nakama မြို့သို့ စေလွှတ်ခဲ့ပြီး မြန်မာနိုင်ငံသား သင်္ဘောသား(၂)ဦး၏ ရုပ်အလောင်းများ သဂြိုလ်မှုအား စနစ်တကျဖြစ်စေရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ မြန်မာနိုင်ငံသား သင်္ဘောသား(၂) ဦး၏ ရုပ်အလောင်းအား မတ်လ ၂ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ဂျပန်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှ ဆုတောင်းမေတ္တာပို့သ၍ ကောင်းမွန်စွာသဂြိုလ်ခဲ့ပါသည်။

လက်ရှိတွင် ပျောက်ဆုံးနေသည့် ကျန်မြန်မာနိုင်ငံသား(၅)ဦးအတွက် ရှာဖွေရေးလုပ်ငန်းများကို ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့မှ ယနေ့အချိန်အထိ လှည့်ကင်းနှင့် အတူ ရေပြင်/ ဝေဟင်မှ ရှာဖွေရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်ဟု ​ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *