October 23, 2024

(Photo RFA,Bangkok Post, Asia Times)

MT News

translated by Htwe Ko Tun

ကမ္ဘောဒီးယားနိုင်ငံအတွင်း အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရုံးတင်စစ်ဆေးကာ ထောင်ချခဲ့ခြင်းကို ပြည်ပနိုင်ငံအချို့က ဝေဖန်ရှုတ်ချမှုများပြုလာကြခြင်းအား ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်က မိမိနိုင်ငံ၏ တည်ငြိမ်အေးချမ်းနေမှုကို ခြိမ်းခြောက်ဖျက်စီးလာမည့် မည်သည့်နိုင်ငံခြားသားကိုမဆို မိမိအနေဖြင့် သည်းခံသွားမည်မဟုတ်ကြောင်း မတ်လ ၆ ရက်တွင် သတိပေးလိုက်သည်။

“ဘယ်လိုအခြေအနေအကြောင်းပြချက်မျိုးတွေနဲ့ပဲဖြစ်ဖြစ် ကမ္ဘောဒီးယားနိုင်ငံကို ငြိမ်းချမ်းရေးပျက်ပြား အောင်လုပ်လာရင် ဘယ်သူ့ကိုမဆို ကျွန်တော်တို့အနေနဲ့ သည်းခံသွားမှာမဟုတ်ဘူး” ဟု ဟွန်ဆန်က ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ အတိုက်အခံပါတီ ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီကို ပူးတွဲတည်ထောင်သူ ထိပ်တန်းအတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို မတ်လ ၃ ရက်တွင် ဖနွမ်းပင်တရားရုံးတစ်ရုံးက နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ် အပြစ်ပေးခဲ့ခြင်းဖြစ်သည်။ ကမ်ဆိုခါသည် ဝန်ကြီးချုပ်ဟွန်ဆန်၏ အစိုးရကိုဖြုတ်ချရန်အတွက် လျှို့ဝှက်အကြံအစည်တစ်ရပ်ကို နိုင်ငံခြားသားများနှင့်ပူးပေါင်း၍ တိတ်တဆိတ်ကြံစည်ခဲ့မှုဖြင့် စွပ်စွဲခံရကာ ရုံးတင်စစ်ဆေးခံခဲ့ရသည်။

ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့က အဆိုပါစီရင်ချက်ကို ရှုတ်ချခဲ့ကြပြီး အမေရိကန်အစိုးရကလည်း လုပ်ဇာတ်ဖန်တီးမှုအပေါ် အခြေခံ၍ မှားယွင်းသောတရားစီရင်မှု ပြုလုပ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ပြင်သစ်၊ သြစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့ကလည်း ထိုကိစ္စနှင့်ပတ်သက်၍ လာမည့်ဇူလိုင်လ ရွေးကောက်ပွဲမတိုင်မီ ကမ္ဘောဒီးယားနိုင်ငံ၏ ဒီမိုကရေစီနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ပြောခဲ့ကြပြန်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ယိုးမယ်ဖွဲ့အကြောင်းပြကာ ပြည်ပနိုင်ငံများက ကမ္ဘောဒီးယားပြည်တွင်းရေးကို စွက်ဖက်လုပ်ဆောင်လာကြမည်ဆိုပါက ကမ္ဘောဒီးယားနိုင်ငံကို ပြည်တွင်းစစ်ဖြစ်ပွားစေရန် ပြန်လည်ဦးလှည့်ပေးခြင်းသာဖြစ်ကြောင်း ဟွန်ဆန်က တုံ့ပြန်ပြောကြားခဲ့သည်။ ၎င်းက ၁၉၇၀ ပြည့်နှစ်က ကမ္ဘောဒီးယားနိုင်ငံ၏ ခေါင်းဆောင်ဟောင်း နိုရိုဒွမ် သီဟာနုအား ဆန့်ကျင်အာဏာသိမ်းမှုကို အမည်မပြောကြားသည့် ပြည်ပနိုင်ငံအချို့က ထောက်ခံလုပ်ဆောင်ခဲ့သည်တွင် နိုင်ငံအတွင်းပြည်တွင်းစစ်ဖြစ်ပွားခဲ့ရကြောင်းလည်း ပြောကြားသွားခဲ့သည်။

Ref-Bangkok Post

(Photo RFA,Bangkok Post, Asia Times)

Leave a Reply

Your email address will not be published. Required fields are marked *