October 22, 2024

MT News

Written By Thandar

ဂန္ထဝင်တယောပညာရှင် ဦးတင်ရီ အောက်မေ့သတိရခြင်းသုံးနှစ်ပြည့်ပွဲကို မတ်လ ၆ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့ လှည်တန်းစင်တာ ပရိုမိုရှင်းဧရိယာမှာ တယောပညာရှင်တွေ စုစည်းကာ ကျင်းပခဲ့ပါတယ်။

 “ဒီနှစ်ကတော့ အဘဆုံးတာ သုံးနှစ်ပြည့်သွားတာဆိုတော့ အောက်မေ့ပွဲလေးကျင်းပဖြစ်တယ်။ ရှေ့ပိုင်းမှာတော့ အလှူလေးတွေပဲ လုပ်ဖြစ်တာပေါ့။ သုံးနှစ်ပြည့်မှာ တယောပညာရှင်တွေ ပွဲလုပ်မယ်ဆိုပြီး တိုင်ပင်လုပ်ကြတာပါ။ အဘနဲ့အတူတူ တီးခဲ့တဲ့သီချင်းတွေကို ပြန်တီးခွင့်လည်းရတယ်။ အဘကို လွမ်းတာရယ် အောက်မေ့တာလည်း ပါတာပေါ့။ တယောတီးခတ်နေရင်း အဘရဲ့ ပုံရိပ်တွေကို ပြန်မြင်ရောင်မိပါတယ်။ အခုလိုပွဲက အမတစ်ယောက်ထဲဆိုလည်း မလုပ်နိုင်ပါဘူး အားလုံးဝိုင်းဝန်းကူညီပေးကြလို့ လုပ်ဖြစ်သွားတာပါ”လို့ ဇနီးသည် ဒေါ်အေးအေးထိန်က ပြောပါတယ်။

ဒီအခမ်းအနားမှာ တယောပညာရှင်တွေဖြစ်တဲ့ ဆရာမျိုးမြတ်သူ၊ ဆရာသန်းမြင့်၊ ဆရာမ အေးအေးထိန်နဲ့ တေးရေးဆရာမြင့်မိုးအောင်တို့က အမှတ်တရစကားတွေ ပြောခဲ့ကြပါတယ်။ တယောဦးတင်ရီရဲ့ မျိုးဆက်သစ် တယောပညာရှင်တွေက So This is Love , The String၊ မြမန်းဂီရိ စတဲ့ တေးသီချင်းတွေနဲ့ တီးခတ်‌ဖျော်ဖြေခဲ့ကြပါတယ်။

“အဘက လူငယ်အတွက် စကားလက်ဆောင်ပြောခဲ့တာက ကိုယ်ဝါသနာပါလို့ ရွေးချယ်ခဲ့တဲ့ပညာရပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ဖို့ အမြဲဆုံးမပါတယ်။ တစိုက်မတ်မတ်လုပ်ရင် မင်းအတွက် တစ်နေရာ ရလာပါလိမ့်မယ်လို့ ဆုံးမစကားအမြဲပြောခဲ့တယ်။ တစ်နေ့တာမှာ ကုသိုလ်၊ ပညာ၊ ဥစ္စာဆိုတဲ့ သုံးချက်မှာ နေ့စဉ် အချက် နှစ်ချက်နဲ့ ကိုက်ညီအောင် နေထိုင်ခဲ့တယ်။ မနက်တိုင်း ကုသိုလ်ရတဲ့အလုပ်လုပ်တယ်။ ပညာရအောင်လည်း ရှာဖွေတယ်။ ပညာနဲ့ပဲ ရပ်တည်ပါလို့အမြဲပြောခဲ့တယ်”လို့ ဇနီးဖြစ်သူက ဆက်ပြောပါတယ်။

တယောဦးတင်ရီဟာ ၂၀၂၀ ပြည့်နှစ် မတ်လ ၆ ရက်က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၉ နှစ်အရွယ် နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဒီလို ‌ကွယ်လွန်ခြင်း သုံးနှစ်ပြည့်ပွဲကို မတ်လ ၆ ရက် ညနေ ၄ နာရီကလည်း မန္တလေးမြို့ ၆၅လမ်း၂၇×၂၈ ကြားရှိ အောင်တော်မူရပ် Yadanarpon Dynasty Hotel မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *