October 22, 2024

မိုင်းစထိမှန်ဒဏ်ရာရသည့် ပြည်သူ့စစ်အဖွဲ့ဝင်မြင်ကွင်း

MT News

Written by Min Mahar

ရွှေဘိုမြို့နယ်ရှိ ပြည်သူ့စစ်တစ်ဦးသည် သားဖြစ်သူနှင့်အတူ လစာထုတ်ပြီးအပြန် PDF အဖွဲ့များထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သားသေဆုံးကာ ဖခင်ဒဏ်ရာရရှိမှု မတ်လ ၅ ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၅ ရက် နေ့လည် ၁၂ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာ ပြည်သူ့စစ်(ဌာနေ) မှ အသက် ၅၀ ခန့်ရှိသောအဖွဲ့ဝင်တစ်ဦးဖြစ်သူသည် အသက် ၃၅ နှစ်အရွယ်၎င်း၏သားဖြစ်သူနှင့်အတူ တာဝန်ကျနေသော ညောင်ပင်သာကျေးရွာရှိစိုက်ပျိုးရေးသိပ္ပံ(ရွှေဘို)မှ ညောင်ကိုင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့်လစာသွားထုတ်ပြီးအပြန်တွင် ဇီးဖြူကုန်းကျေးရွာအုပ်စု၊ မြို့သာကျေးရွာအနောက်ဘက်ကိုရောက်ရှိစဉ် PDF အဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲခဲ့ရာ သားဖြစ်သူသည်နေရာတွင် သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူမှာမူ မိုင်းစထိမှန်ကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

” သားဖြစ်သူကတော့ ပြည်သူ့စစ်အဖွဲ့ဝင်မဟုတ်ဘူး။တောင်ယာလုပ်ကိုင်စားသောက်နေတဲ့ ရိုးရိုးသားသားလူငယ်လေးပါ။ သူ့အဖေကိုပြန်လိုက်ပို့ရာကနေ အခုလိုအဖြစ်ဆိုးနဲ့ကြုံရတာပဲ။ သူ့အလောင်းကို ဒီနေ့ ညနေ ၆ နာရီခွဲမှာ ညောင်ကိုင်းကျေးရွာသုဿာန်မှာ သင်္ဂြိုလ်မှာဖြစ်တယ်။ အဖေကတော့ အခုထိဆေးရုံမှာဆေးကုသနေတုန်းပါပဲ။ အသက်တော့မစိုးရိမ်ရတော့ဘူးပြောတယ်”ဟု မိုင်းထိခံရသူများနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက MT News သို့ ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဖခင်ဖြစ်သူသည် ယာခြေသလုံးကို မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲခြေသလုံးကိုလည်း မိုင်းစထိမှန်သည့် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုမြို့၊ အမှတ်(၅) ရပ်ကွက်၊ မင်းရပ်ရှိ ရွှေဘိုပြည်သူ့ဆေးရုံကြီးတွင် တက်ရာက်ဆေးကုသမှုခံယူနေကြောင်း သိရသည်။

၎င်း၏သားဖြစ်သူမှာမူ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် အလောင်းအား ညောင်ကိုင်းကျေးရွာ ပြည့်သူ့စစ်အဖွဲ့များနှင့် ၎င်း၏မိသားစုများက ညောင်ကိုင်းကျေးရွာသို့ ထော်လာဂျီယာဉ်ဖြင့် သယ်ဆောင်သွားကာ ယနေ့မတ်လ ၆ ရက် ၆ နာရီခွဲတွင် ညောင်ကိုင်းကျေးရွာသုဿာန်တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရာနှင့်ဆေးရုံသို့ သက်ဆိုင်ရာတာဝန်ရှိသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ကာ မိုင်းထောင်ခဲ့သူများကိုလည်း လိုက်လံစုံစမ်းနေကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *